CNI International News
တိုကျို၊ မတ်လ ၃
အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ပထဝီ နိုင်ငံရေး အခြေအနေကို အလုံးစုံ ပြောင်းလဲသွားစေပြီး တရုတ်၏ တွက်ချက်မှုများမှာ ခက်ခဲသွားစေခဲ့သည်ဟု Nikkei Asia သတင်းတွင် ဖော်ပြခဲ့သည်။
အီရန်ပဋိပက္ခသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ ဘေဂျင်းမြို့တွင် မတွေ့ဆုံမီ တစ်လအလို၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ထရမ့်နှင့် ရှီတို့၏ ထိပ်သီးအစည်းအဝေး ဖြစ်မြောက်လာနိုင်ခြေ ရှိ/မရှိ သို့မဟုတ် မည်သည့်ဘက်က အသာစီး ရနေသည်ဆိုသည့် အချက်များကို လေ့လာဆန်းစစ်သူများ ငြင်းခုံနေကြသည်။
ထရမ့်နှင့် ရှီတို့၏ အစည်းအဝေးသည် ကမ္ဘာ့စီးပွားရေးနှင့် တင်းမာမှုများကို လျှော့ချရန် မျှော်လင့်ချက် ဖြစ်ခဲ့သော် လည်း အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် အမေရိကန်၏ အာရုံစိုက်မှုမှာ ပြောင်းလဲသွားခဲ့သည်။
ထရမ့်က စစ်ပွဲအတွင်း အီရန်ကို ကူညီနေသည့် မည်သည့် နိုင်ငံကိုမဆို အခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်ထား သဖြင့် တရုတ်နှင့် ကုန်သွယ်ရေး ပြန်လည်စေ့စပ်ရန် အစီအစဉ်ကို ထိခိုက်စေနိုင်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အီရန်ခေါင်းဆောင်ကို တွေ့ရစဉ်
တရုတ်နိုင်ငံသည် အီရန်၏ ရေနံများကို အများဆုံး ဝယ်ယူနေသည့် နိုင်ငံဖြစ်ပြီး အီရန်၏ ရေနံတင်ပို့မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို ဝယ်ယူနေခြင်းဖြစ်သည်။
အကယ်၍ အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ ရေနံ အခြေခံ အဆောက်အအုံများ ပျက်စီး သွားပါက သို့မဟုတ် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရပါက တရုတ်၏ စက်မှုကဏ္ဍတွင် စွမ်းအင်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
အမေရိကန်က အရှေ့အလယ်ပိုင်းတွင် အင်အား စိုက်ထုတ်နေရချိန်၌ တရုတ်က ထိုင်ဝမ်ရေလက်ကြား၌ ၎င်း၏ စစ်ရေး လှုပ်ရှားမှုများကို မြှင့်တင်ကာ အခြေအနေအား အခွင့်ကောင်း ယူနိုင်ခြေရှိသည့် စိုးရိမ်မှုများ ရှိနေသည်။
သို့သော် ရေနံ ဈေးတက်ခြင်းနှင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်ခြင်းတို့သည် တရုတ်အတွက်လည်း ထိုးနှက်ချက် ဖြစ်သဖြင့် တရုတ်အနေဖြင့် ခက်ခဲသော တွက်ချက်မှုကို ပြုလုပ်နေရသည်။
ထို့ကြောင့် အမေရိကန်နှင့် တရုတ်ကြား ဆက်ဆံရေးသည် အီရန်အရေးကြောင့် ပိုမိုတင်းမာလာနိုင်ပြီး တရုတ် အနေဖြင့် အီရန်ကို ထောက်ခံအားပေးမည်ဆိုပါက ထရမ့်အစိုးရနှင့် ထိပ်တိုက် တွေ့လာနိုင်ခြေ ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
Source: Nikkei Asia
