CNI International News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃

အမေရိကန်အစိုးရသည် အီရန်ကို စစ်ရေးအရ တိုက်ခိုက်လာပါက တရုတ်နိုင်ငံက ဘယ်လို ရပ်တည်မလဲဆိုသည့် မေးခွန်းများ ထွက်ပေါ်နေသည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အီရန်အစိုးရသည် ပြည်တွင်းမှာ လူထုဆန္ဒပြပွဲများနှင့် စီးပွားရေး ပြိုလဲမှုဒဏ်များကို ရင်ဆိုင်နေရချိန်တွင် အမေရိကန်နှင့် ဖြစ်ပွားနေသော တင်းမာမှုများ၌ တရုတ်သည် အဓိကကျသော အင်အားစုတစ်ခုအဖြစ် ပေါ်ထွက် လာခဲ့သည်။

ဇန်နဝါရီလ အစောပိုင်းတွင် စီးပွားရေး ကျပ်တည်းမှု၊ နိုင်ငံရေး သဘောထား ကွဲလွဲမှုနှင့် ပြည်ပ ဖိအားများကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြပွဲများသည် အီရန်ခေါင်းဆောင်များအတွက် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ပြည်တွင်းစိန်ခေါ်မှု ဖြစ်ခဲ့သည်။

အမေရိကန် စစ်င်္ဘောများကို တွေ့ရစဉ်

ထိုကဲ့သို့ မတည်ငြိမ်မှုများသည် အချိန်ကြာလာသည်နှင့်အမျှ ဒေသတွင်း ထိပ်တိုက်တွေ့မှုများ ပိုမိုပြင်းထန်လာခဲ့ သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အရှေ့အလယ်ပိုင်းသို့ အမေရိကန်စစ်အင်အား အလုံး အရင်းကို စေလွှတ်ခဲ့ပြီး အီရန်အား နျူကလီးယားနှင့် ဒုံးကျည် စီမံကိန်းများကို ရပ်တန့်ရန် ပြင်းထန်သည့် သတိ ပေးချက်များ ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံကမူ ဆန္ဒပြပွဲများအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေးကွန်ရက်များ ဖြတ်တောက် နိုင်ရန် အီရန်အာဏာပိုင်များကို အကူအညီပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က အမေရိကန်၏ ခြိမ်းခြောက်မှု များကို တောရိုင်းဥပဒေ (Law of the jungle) ကျင့်သုံးသည့် ခေတ်သို့ ပြန်လည် ရောက်ရှိသွားခြင်း ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။

အီရန်ဆန္ဒပြသူ ၂ ဦးကို တွေ့ရစဉ်

ထို့ပြင် ဝမ်က အမေရိကန်၏ ရန်လိုသော လုပ်ရပ်များနှင့် တရုတ်၏ ချဉ်းကပ်ပုံကို နှိုင်းယှဉ်ပြခဲ့ပြီး၊ တရုတ်သည် အီရန်အစိုးရနှင့် ပြည်သူများ စည်းလုံးညီညွတ်စွာ ရပ်တည်နိုင်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍ မှ ကူညီပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေချိန်တွင် အီရန်နိုင်ငံသည် တရုတ်၊ ရုရှားတို့နှင့်အတူ အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း၌ ဖေဖော်ဝါရီလလယ်၌ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် ရန် စီစဉ်နေကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ဇန်နဝါရီ ၃၁ ရက်မှာ ဖော်ပြခဲ့သည်။

အဆိုပါ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အွန်လိုင်းတွင် အတည်မပြုနိုင်သေးသည့် သတင်းများစွာ ပျံ့နှံ့လာ ခဲ့ပြီး တရုတ်သည် အီရန်ကို စစ်ရေး အကူအညီများ ထောက်ပံ့ပေးနေကာ အမေရိကန်နှင့် အီရန်တို့ ထိပ်တိုက် တွေ့ဆုံခဲ့မည်ဆိုပါက တရုတ်အစိုးရက ကြားဝင်ဆောင်ရွက်နိုင်ခြေ ရှိ/မရှိ ခန့်မှန်းမှုများလည်း ထွက်ပေါ်လာခဲ့ သည်။

Source: DW