CNI International News
ဘန်ကောက်၊ မတ်လ ၁၂
အမေရိကန်ဗဟို စစ်ဌာနချုပ် (CENTCOM) က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အနီးတွင် အီရန်၏ ရေမြှုပ်မိုင်းများထောင်သည့် သင်္ဘော ၁၆ စင်းကို တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေပြီး အီရန်က ကမ္ဘာပေါ်တွင် အရေးပါသည့် ရေနံသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းကို နှောင့်ယှက်နိုင်ခြေရှိသည့် စိုးရိမ်မှုများ မြင့်တက်နေချိန်၌ CENTCOM ၏ ထုတ်ပြန် ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် အီရန်ရေတပ်တို့ ပူးပေါင်းကာ ဟော်မုဇ်ရေလက်ကြား အနီးတွင် ရေမြှုပ်မိုင်းများ ထောင်နေသည့် ထောက်လှမ်းရေးသတင်းများ ရရှိခဲ့သည်ဟု ဆိုသည်။
ထို့နောက် အမေရိကန်တပ်ဖွဲ့ဝင်များက အီရန်၏ ရေမြှုပ်မိုင်းများ ထောင်သည့် သင်္ဘော ၁၆ စင်း အပါအဝင် အီရန် ရေတပ် သင်္ဘောများကို ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်ကြောင်း CENTCOM ၏ ထုတ်ပြန်ချက်များကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့သည်။
ဟော်မုဇ် ရေလက်ကြားသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍ၏ အရေးအပါဆုံး အချက်အချာ နေရာတစ်ခုဖြစ်ပြီး၊ ကမ္ဘာ့ ရေနံစိမ်း တင်ပို့မှု စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့်သည် ထိုလမ်းကြောင်းမှတဆင့် ဖြတ်သန်းသွားလာနေခြင်း ဖြစ်သည်။

အီရန် ရေမြှုပ်မိုင်းထောင် သင်္ဘောကိုတွေ့ရစဉ်
IRGC နှင့် အီရန်ရေတပ်တို့သည် ရေမြှုပ်မိုင်းထောင် သင်္ဘောများ၊ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် မောင်းသူမဲ့သင်္ဘောများနှင့် ကမ်းရိုးတန်း အခြေစိုက် ဒုံးကျည်ပစ်စင်များကို အသုံးပြုနိုင်စွမ်း ရှိနေဆဲဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းရန် ကြိုးပမ်းသည့် မည်သည့် သင်္ဘောကိုမဆို တိုက်ခိုက်သွားမည်ဟု အီရန်က သတိပေးထားသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဟော်မုဇ်ရေလက်ကြားတွင် ရေမြှုပ်မိုင်းများ ဒါဇင်နှင့်ချီ ချထားခဲ့ကြောင်း သတင်း များ၌ ဖော်ပြခဲ့သော်လည်း ရေလမ်းကြောင်းတစ်ခုလုံးကို အလုံးစုံပိတ်ဆို့ နိုင်လောက်သည့် အတိုင်းအတာအထိ ကျယ်ပြန့်ခြင်း မရှိသေးပေ။
အီရန်အနေဖြင့် ၎င်းတို့၏ မောင်းသူမဲ့ ဖောက်ခွဲရေး သင်္ဘောများနှင့် မိုင်းထောင်သင်္ဘောများ၏ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းခန့်ကို ဆက်လက် အသုံးပြုနိုင်ဆဲဖြစ်သဖြင့် ထိုရေလမ်းကြောင်းအတွင်း၌ ရေမြှုပ်မိုင်းများ ထပ်မံ ချထားနိုင်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ အီရန်၏ လုပ်ရပ်များကြောင့် ယခင်က တစ်ခါမျှ မမြင် ဖူးသည့် ပြင်းထန်သော အကျိုးဆက်များကို မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း Truth Social လူမှုကွန်ရက် စာမျက်နှာတွင် သတိပေးခဲ့သည်။
ထို့နောက် CENTCOM က အီရန်ရေမြှုပ်မိုင်းထောင် သင်္ဘောများ အပါအဝင် ရေတပ်သင်္ဘောများကို တိုက်ခိုက် နေသည့် ရုပ်သံမှတ်တမ်းများကို ထုတ်ပြန်ခဲ့သည်။
Source: The Nation
