CNI International News
ဂျာကာတာ၊ မတ်လ ၁၂
အင်ဒိုနီးရှားသည် အိန္ဒိယထံမှ ဘရာမို့စ်(BrahMos) ဒုံးကျည်စနစ်ကို ဝယ်ယူရန် သဘောတူညီချက် ရရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရီကို ရီကာဒို ဆီရိုက် (Rico Ricardo Sirait) က မတ်လ ၉ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
အိန္ဒိယနှင့် ရုရှားအစိုးရတို့ ပူးတွဲပိုင်ဆိုင်သည့် ဘရာမို့စ်(BrahMos) ကုမ္ပဏီသည် အင်ဒိုနီးရှားအစိုးရနှင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ မှ ၃၅၀ ကြား တန်ဖိုးရှိသည့် ဒုံးကျည် အရောင်းအဝယ် ကိစ္စအတွက် အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ် နေကြောင်း ၂၀၂၃ ခုနှစ်အတွင်းက ပြောကြားခဲ့ဖူးသည်။
ယခုရရှိခဲ့သည့် သဘောတူညီချက်သည် အကြီးစား စစ်လက်နက်ပစ္စည်းများနှင့် ကာကွယ်ရေး စွမ်းရည်များ အဆင့်မြှင့်တင်ရေး၊ အထူးသဖြင့် ပင်လယ်ရေကြောင်းကဏ္ဍ အဆင့်မြှင့်တင်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ရီကိုက မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဒုံးကျည်များ ဝယ်ယူမှုသည် အင်ဒိုနီးရှားနှင့် အိန္ဒိယကြား ကာကွယ်ရေးကဏ္ဍတွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေကြောင်း အင်ဒိုနီးရှားသတင်းဌာန တစ်ခုဖြစ်သည့် Jakarta Globe က ဖော်ပြခဲ့သည်။

ဘရာမို့စ် ဒုံးကျည်ကို တွေ့ရစဉ်
ဘရာမို့စ်(BrahMos) ဒုံးကျည်စနစ်သည် အင်ဒိုနီးရှား၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရာတွင် ရန်သူကို တားဆီးနိုင်စွမ်းကို မြင့်တက်စေလိမ့်မည်ဟု အင်ဒိုနီးရှားက မျှော်မှန်းထားသည်။
အင်ဒိုနီးရှားက အိန္ဒိယထံမှ ဝယ်ယူသည့် ဘရာမို့စ်(BrahMos) ဒုံးကျည်များ၏ စုစုပေါင်း တန်ဖိုးသည် ဒေါ်လာသန်း ၄၅၀ အထိရှိကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက South China Morning Post သတင်းဌာနတွင် ဖော်ပြခဲ့သည်။
ထိုသတင်း ဖော်ပြချက်နှင့်ပတ်သက်ပြီး ဒုံးကျည်ဝယ်ယူမှု စုစုပေါင်း တန်ဖိုးကို ရိုက်တာသတင်းဌာနက မေးမြန်းခဲ့ ချိန်တွင် ရီကိုက အတည်ပြုရန် ငြင်းဆိုခဲ့သည်။
ဘရာမို့စ်(BrahMos)ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှား၏ အာဆီယံ အိမ်နီးချင်းနိုင်ငံဖြစ်သော ဖိလစ်ပိုင်နှင့် ပထမဆုံး ပြည်ပရောင်းဝယ်ရေး သဘောတူညီချက်ကို ရရှိခဲ့သည်။
BrahMos ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အခြေစိုက်ထားသည့် အိန္ဒိယ-ရုရှား ဖက်စပ်လုပ်ငန်း တစ်ခုဖြစ်ပြီး မြေပြင်၊ ဝေဟင်၊ ရေပြင်နှင့် ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည် အမျိုးအစားများကို ထုတ်လုပ် လျက်ရှိသည်။
Source: CAN
