CNI International News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၉

ယူကရိန်းသို့ ရုရှားကျူးကျော်မှုအပေါ် ဆန့်ကျင်သည့်အုပ်စုများ အခိုင်အမာရှိနေသည့် နောက်ခံအခင်းအကျင်း၌ စီစဉ်ခဲ့သည့် လာမည့် G-20 ထိပ်သီး အစည်းအဝေးအတွက် အိန္ဒိယသည် အဓိပ္ပါယ်ပြည့်ဝသော ရလဒ်များ အပြီး သတ်နိုင်စေဖို့ အင်ဒိုနီးရှားကို တက်ကြွစွာ အားပေးထောက်ခံခြင်းများ ပြသခဲ့သည်။

နယူးဒေလီအစိုးရ၏ G-20 ထိပ်သီး အစည်းအဝေးကို ထောက်ခံကြိုဆိုသည့် အကြောင်းကို အစိုးရအဖွဲ့၏ မူဝါဒရေးရာ ပညာရှင်အဖွဲ့ခေါင်းဆောင် အမီတာကန့်က ထုတ်ဖော်ပြောကြားသည်။

၎င်းဦးဆောင်သည့် အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် G-20 လက်ရှိဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှား၏ အကြို အစည်း အဝေးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ယောယာကာတားမြို့၌ ကျင်းပခဲ့ရာ သွားရောက် ဆွေးနွေးခဲ့ကြသည်။

ထိပ်သီးအစည်းအဝေး အကြိုဆွေးနွေးမှုအဖြစ် အမီတာကန့်က “လာမည့်နိုဝင်ဘာ ကျင်းပမည့် G-20 ဘာလီ ထိပ်သီး အစည်းအဝေးအတွက် အဓိပ္ပါယ်ပြည့်ဝသော ရလဒ်များ အပြီးသတ်နိုင်ရန် အင်ဒိုနီးရှား၏ G-20 အလှည့် ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း အိန္ဒိယ၏ ကတိကဝတ်နှင့် တက်ကြွစွာ ထောက်ခံအားပေးသွားမည့် အကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက စက်တင်ဘာလကုန်ပိုင်း၌ သတင်းထုတ် ပြန်ခဲ့သည်။

G-20 ကို လက်ရှိလွှမ်းမိုးနေသည့် ပထဝီဝင် နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ နိုင်ငံအသီးသီးမှ မိတ်ဖက်များ နှင့် တွေ့ဆုံဆွေးနွေးစဉ် အမီတာကန့်က ၎င်းတို့ဝန်ကြီးချုပ် နရိန္ဒရာမိုဒီ၏ စက်တင်ဘာ ၁၆ ရက် ပြောကြားချက် ကို နောက်ထပ်တဖန် ချပြခဲ့သည်။

မိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံစဉ် “ယနေ့ခေတ်သည် စစ်ဖြစ်ရတော့မည့် အချိန် မဟုတ်ကြောင်း၊ သံတမန်ရေးအရ ဆွေးနွေးမှုများဖြင့် ကမ္ဘာ့ပြဿနာများကို ထိရောက်စွာ အဖြေရှာရမည်ဖြစ်ကြောင်း” အတိ အလင်း သဘောထား မှတ်ချက်ပေးခဲ့ရာ ဂယက်များစွာ ဖြစ်ပေါ်ခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီး အစည်းအဝေးတွင် ပူတင်နှင့် တွေ့ဆုံစဉ်အတွင်း မိုဒီက အထက်ပါ သဘောထား မှတ်ချက်ကို ပြတ်သားစွာ ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ကျူးကျော်စစ် အဆုံးသတ်ရန် ပူတင်ကို မိုဒီက တိုက်တွန်းခဲ့ပြီး စစ်ရေးပဋိပက္ခကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်နေရသော စားနပ်ရိက္ခာနှင့် စွမ်းအင် အကျပ်အတည်းကို ထည့်သွင်း စဉ်းစားရမည်ဟု သတိချပ်စေခဲ့သည်။

အမီတာကန့်ကလည်း အင်ဒိုနီးရှားသို့ ရောက်ရှိစဉ် G-20 အလားအလာနှင့်ပတ်သက်၍ အဓိက ဦးစားပေး နယ်ပယ် များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကို အားကောင်းလာစေရန်နှင့် ကမ္ဘာလုံး ဆိုင်ရာ အာရုံစိုက်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

အဓိက ဦးစားပေး နယ်ပယ်များတွင် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှု (SDGs) အရှိန်မြှင့်တင်ရေး၊ ရာသီဥတု ပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး စသည်တို့ ပါဝင်သည်။

အိန္ဒိယ၏ လူမှုပတ်ဝန်းကျင် နေထိုင်မှုပုံစံ (Lifestyle for Enviroment)၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ် အများသုံး အခြေခံ အဆောက်အဦ၊ ဘက်စုံပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသမီး စွမ်းဆောင်မှုတို့လည်း အကျုံးဝင် ကြောင်း အမီတာကန့်၏ ပြောကြားချက်များတွင် ပါရှိသည်။

ထို့ပြင် G-20 ထိပ်သီး အစည်းအဝေးအကြို Sherpa ဆွေးနွေးပွဲပြင်ပတွင် သီးခြားအနေဖြင့် အမီတာကန့်သည် ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား၊ စပိန်၊ ဗြိတိန်နှင့် အမေရိကန်တို့မှ Sherpa မိတ်ဖက် ကိုယ်စားလှယ်များနှင့် အပြန်အလှန် တွေ့ဆုံနှုတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။

“အိန္ဒိယဘက်မှ အပြုသဘောဆောင်သည့် ကြားဝင်ဆောင်ရွက်ပေးမှုများသည် G-20 ဆွေးနွေးမှုများတွင် အကောင်း မြင်လာစေမှုကို ရှေးရှုလျက် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် စုပေါင်း ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာလာစေကြောင်း” နယူးဒေလီမြို့ရှိ ပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ထဲတွင် ရေးသားထားသည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး စက်မှုထိပ်သီး နိုင်ငံပေါင်း ၂၀ ကို စုဖွဲ့ထားသော G-20 အတွင်း ရုရှား၏ ယူကရိန်း ကျူးကျော်စစ်အပေါ် သဘောထားမှာ သိသာထင်ရှားစွာ ကွဲလွဲနေကြသေးသည်။

G-20 အစည်းအဝေးများ ကျင်းပချိန် ရုရှားအစိုးရဘက်မှ တာဝန်ရှိသူများ မိန့်ခွန်းတက်ပြောသည့်အခါ နိုင်ငံပေါင်း ၂၀ အစုအဖွဲ့မှ အဖွဲ့ဝင် အများအပြား အစည်းအဝေးခန်းမကို ကျောခိုင်း၍ အပြင်ထွက်ခွာကြသည်။ ထို့ပြင် ရုရှား ကို G-20 အဖွဲ့ထဲမှ ထုတ်ပယ်ရန် တောင်းဆိုသည့် အဖွဲ့ဝင်နိုင်ငံ အများအပြား ရှိနေသည်။

ထိုသို့ သဘောထား ကွဲလွဲမှုများကို အဆုံးသတ်စေလိုသူမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ဖြစ်သည်။ သူသည် ယူကရိန်း-ရုရှား စစ်ရေးပဋိပက္ခ ဖြေရှင်းရန် ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ၎င်းနှစ်နိုင်ငံမှ ခေါင်းဆောင်များ စစ်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာရှမြေပေါ်တွင် တွေ့ဆုံရန် စီစဉ်နိုင်ခဲ့သည့် အာရှခေါင်းဆောင် လည်း ဖြစ်သည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုများ၏ ဖိအားများကို တွန်းလှန်၍ ဂျိုကိုဝီဒိုဒိုသည် ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးတို့ကို G-20 များကို အောင်မြင်စွာ ဖိတ်ကြားခဲ့သည်။

အင်ဒိုနီးရှားက ဥက္ကဋ္ဌ တာဝန်ယူထားစဉ်အတွင်း ပထမအကြိမ် G-20 Sherpa အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ပြီးခဲ့သည့် ဇူလိုင်လတွင် ကျင်းပခဲ့သည်။

အိန္ဒိယသည် လာမည့် ဒီဇင်ဘာလရောက်လျှင် G-20 အလှည့်ကျ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းရမည်ဖြစ်သည်။ ထို့အတွက် လာမည့် ၂၀၂၃ ခုနှစ်တွင် နယူးဒေလီမြို့တော်တွင် G-20 ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် အိန္ဒိယက လက်ခံ ကျင်းပပေးရမည် ဖြစ်သည်။

သို့ဖြစ်၍ မဝေးလှသော အနာဂတ်တွင် အိန္ဒိယသည် G-20 တာဝန်နှင့်အတူ ကမ္ဘာ့ရေးရာများကို ကျွဲကူးရေပါ ဆိုသလို ဆုံးဖြတ် လုပ်ကိုင်ရဦးမည် ဖြစ်ပေသတည်း။      ။

Source: Hindustan Times

(ဟိန္ဒူစတန်တိုင်းမ်သတင်းဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Rezaul H Laskar ၏ရေးသားချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)