CNI Sport Article

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၆

၂၀၂၂ အတွက် ဘောလွန်းဒီအော ဆုပေးပွဲကို အောက်တိုဘာ ၁၇ ရက်နေ့မှာ အခမ်းအနား ပြုလုပ်ပြီး ချီးမြှင့်တော့ မှာ ဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးက စီစဉ်တဲ့ ဒီဆုပေးပွဲဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံး ဆုဖြစ်ပြီး ကစားသမားတိုင်းက လိုချင်မက်မောတဲ့ ဆုလည်း ဖြစ်ပါတယ်။

အခုနှစ်အတွက် ပေးအပ်မယ့်ဆုဟာ အရင်နှစ်တွေကလို ပြက္ခဒိန်တစ်နှစ်လုံးရဲ့ စွမ်းဆောင်ရည်အစား ရာသီရဲ့ ရလဒ်တွေအပေါ် အခြေခံပြီး ပထမဆုံးအကြိမ် ပေးမှာလည်း ဖြစ်ပါတယ်။

ဒီဆုပေးပွဲမှာဆိုရင် အမျိုးသား ဘောလွန်းဒီအောဆု၊ အမျိုးသမီး ဘောလွန်းဒီအောဆု၊ အကောင်းဆုံး လူငယ် ကစားသမား၊ အကောင်းဆုံး ဂိုးသမားဆုတွေ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒီထဲမှာ အားလုံးစိတ်ဝင် အစားဆုံး ကတော့ အမျိုးသား ဘောလွန်းဒီအောဆု ဖြစ်ပါတယ်။

ဒီဆုအတွက် ဆန်ကာတင် ၃၀ ဦး စာရင်းလည်း ထုတ်ပြန်ခဲ့ပြီးပါပြီ။ ဒီထဲမှာ အံ့အားသင့်စရာကတော့ ဘောလွန်း ဒီအောဆုကို စံချိန်တင် ရရှိထားတဲ့ မက်ဆီဟာ ဒီစာရင်းထဲမှာ မပါဝင်ခဲ့တာပါ။ လက်ရှိ ဘောလွန်းဒီအောဆု ပိုင်ရှင် မက်ဆီအတွက်တော့ ၂၀၀၅ နောက်ပိုင်း ပထမဆုံးအကြိမ် ဘောလွန်းဒီအော ဆန်ကာတင်မှာ မပါဝင်ခဲ့တာ တွေ့ရပါတယ်။

ရီးရယ်လ် တိုက်စစ်မှူး ဘန်ဇီမာကိုတွေ့ရစဉ်(The Real Champs)

ဘောလွန်းဒီအောဆု ရခဲ့တာကို ပြန်ကြည့်ရမယ်ဆိုရင် ၂၀၀၈ နောက်ပိုင်း ဒီဆုကို ရော်နယ်ဒိုနဲ့ မက်ဆီတို့ကသာ ကြီးစိုးခဲ့တာဖြစ်ပြီး ၂၀၁၈ မှာ မိုဒရစ်ရရှိခဲ့တဲ့ တစ်ကြိမ်တည်းသာ သူတို့ နှစ်ဦးထဲက တစ်ဦး မရခဲ့တာပါ။

ဒီနှစ်မှာတော့ မက်ဆီ မပါဝင်သလို ရော်နယ်ဒိုကလည်း ဆန်ကာတင် စာရင်းမှာ ပါဝင်ပေမယ့် ဆုရဖို့ မဖြစ်နိုင်တာ ကြောင့် ဘောလွန်းဒီအောဆု ပိုင်ရှင်သစ် ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆုရဖို့ ရေပန်းစားနေ တဲ့ သူကတော့ ရီးရယ်လ်နဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘန်ဇီမာပဲ ဖြစ်ပါတယ်။

ဘန်ဇီမာဟာ ရေပန်းစားနေတာထက် တကယ်ကို ဆုရဖို့ ထိုက်တန်နေတာလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆို ရင် ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်း လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရယူခဲ့တာမှာ ဒီကစားသမားရဲ့ စွမ်းဆောင်ရည်က အဓိကကျခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီမာဟာ မနှစ်က ရာသီက ရီးရယ်လ်အသင်းအတွက် ၄၆ ပွဲကစားခဲ့ပြီး ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ ဘန်ဇီမာဟာ လာလီဂါပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၂ ခုစလုံးမှာ ဂိုးသွင်း ရွှေဖိနပ်ဆုနဲ့ အကောင်းဆုံး ကစားသမား ဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဘောလွန်းဒီအောဆုကို တွေ့ရစဉ် (BALLON D'OR)

ရီးရယ်လ်အသင်း ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ လမ်းကြောင်းတစ်လျှောက် အရေးကြီးတဲ့ ပွဲတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ ချယ်လ်ဆီးနဲ့ မန်စီးတီး တို့ပွဲတွေမှာ ဘန်ဇီမာရဲ့ ဂိုးတွေက စပိန်ကလပ်အတွက် အရေးပါခဲ့တာပါ။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ရာသီကတည်းက ဘန်ဇီမာဟာ ၂၀၂၂ အတွက် ဘောလွန်းဒီအောဆုကို ရယူနိုင်ပြီးသား ဖြစ်နေပြီလို့ ပြောနေကြတာ ဖြစ်ပါတယ်။ မက်ဆီ၊ မာနေးတို့ အပါအဝင် အဓိက ကစားသမားတွေ ကလည်း ဘန်ဇီမာကိုသာ အခုနှစ်အတွက် ဘောလွန်းဒီအောဆုရှင်အဖြစ် မှတ်ယူထားကြပါတယ်။

ဘောလုံးသုံးသပ်သူတွေရော၊ ဘောလုံး ပရိသတ်တွေကလည်း ဘန်ဇီမာမှ ဘန်ဇီမာဆိုပြီး ပြောခဲ့ကြသလို ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါစကီးက ဆုပေးပွဲသာ မဖျက်ဘူးဆိုရင် ဘန်ဇီမာပဲ ရမှာလို့ ပြောခဲ့ကြတာ ဖြစ်ပါတယ်။

ဘန်ဇီမာ ကိုယ်တိုင်ကလည်း ဒီဆုကို ရယူနိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိနေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဘောလွန်းဒီအောဆု ရတဲ့စာရင်း ပေါက်ကြားမှုတွေ ရှိလာပြီး အားလုံးက ထင်ထားတဲ့အတိုင်းပဲ ဘန်ဇီမာက ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့စဉ် (Eurosport)

ပြင်သစ်တိုက်စစ်မှူးဟာ ဘောလွန်းဒီအောဆု မတိုင်ခင် ယူအီးအက်ဖ်အေ အမျိုးသားတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ပထမဆုံးအကြိမ် ရယူထားနိုင်ခဲ့တာပါ။ ဘန်ဇီမာဟာ အခုနှစ်အတွင်းမှာ ပီချီချီဆု၊ ဒီစတိဖာနိုဆု အပါအဝင် တစ်ဦးချင်း ဆုတံဆိပ် အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဘန်ဇီမာ အတွက်တော့ ဘောလွန်းဒီအောဆုကို သိမ်းပိုက်နိုင်မယ်ဆိုရင် သူ့ရဲ့ ကစား သမားဘဝအတွက် တစ်ဦးချင်း ဆုတံဆိပ်တွေဟာ ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်ပါတယ်။

ဘန်ဇီမာဟာ ဒီရာသီမှာတော့ ဒဏ်ရာတွေကြောင့် ရီးရယ်လ်အသင်းအတွက် ပွဲအနည်းငယ် မပါဝင်ခဲ့ပေမယ့် ပါဝင် ကစားခဲ့တဲ့ ၉ ပွဲမှာ ၄ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် တနင်္လာနေ့မှာတော့ ဘန်ဇီမာ တစ်ယောက် ဘောလွန်းဒီအောဆုနဲ့ အောင်ပွဲခံပြီး ပြုံးပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။