CNI International Article

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇

ယူကရိန်းအပေါ် ရုရှားတိုက်ခိုက်ရေး လက်နက်များ ထောက်ပံ့ရေးအတွက် အီရန်က ၎င်း၏ ကတိကဝတ်ကို ခိုင်မာစေခဲ့ကြောင်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ပြောကြားခဲ့ကြသည်။

မောင်သူမဲ့ လေယာဉ်များသာမက ယူကရိန်းမြို့များနှင့် တပ်ဖွဲ့ဝင်များ၏ တည်နေရာများအား ပစ်မှတ်ထား တိုက်ခိုက်နိုင်သည့် အီရန်လုပ်မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များကို အီရန်နှင့်ရုရှားတို့ လျှို့ဝှက် ကတိပြုခဲ့ကြောင်း အမေရိကန် အရာရှိတချို့က ပြောကြသည်။

တီဟီရန်မှ မော်စကိုသို့ လက်နက်များ တင်ပို့မှု များပြားလာခြင်းသည် ယူကရိန်းသို့ ကျူးကျော်စစ် စတင်ချိန် ကတည်းက ဆုံးရှုံးမှု ကာမိစေရန်ဖြစ်ကြောင်း အမေရိကန်ဘက်က ယူဆကြသည်။

ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ယူကရိန်းမြို့ကြီးများကို တိုက်ခိုက်ရာတွင် တိကျစွာ ထိမှန်နိုင်သည့် လက်နက်ခဲယမ်း ထောက်ပံ့ပို့ဆောင်နိုင်မှုမှာ ရုရှားအတွက် နည်းလာခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်း ယူကရိန်း ပစ်မှတ်များကို တိုက်ခိုက်ရာတွင် သုံးစွဲခဲ့သော အီရန် ဒရုန်းများ၏ သဲလွန်စ ကျန်ရစ်ခဲ့သော ဓာတ်ပုံများအား လွတ်လပ်သော သတင်းမီဒီယာအချို့က လွှင့်တင်ခဲ့ကြသည်။

ထိုလက်နက်များကို ၎င်း၏မဟာမိတ် ရုရှားထံသို့ ပို့ပေးခဲ့ကြောင်း အီရန်၏အကြိမ်ကြိမ် ငြင်းဆိုမှုများမှာ မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့သည်။

ရုရှားလေကြောင်း တိုက်ခိုက်မှုများတွင် အီရန်ဒရုန်းများ သုံးစွဲခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အများသိအောင် အတည်ပြု ပေးခဲ့သည်။

ထိုဒရုန်းများကို ပြန်လည် ပစ်ချနိုင်ခြင်းမှာလည်း ယူကရိန်း၏ အောင်မြင်မှုလည်း ဖြစ်သည်။

အီရန် စစ်ဘက်ဆိုင်ရာအရာရှိ ၂ ဦးကို ဒရုန်းများနဲ့အတူ တွေ့ရစဉ် (GETTY IMAGES)

မော်စကိုထံသို့ စစ်ဘက်ဆိုင်ရာ ပံ့ပိုးသူအဖြစ် အီရန်အခန်းကဏ္ဍ ချဲ့ထွင်လာခြင်း၏ ထင်ရှားသော လက္ခဏာ တစ်ရပ်အဖြစ် တီဟီရန်အစိုးရသည် အီရန်၏မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်အမျိုးအစား နှစ်မျိုး အပါအဝင် နောက်ထပ် လက်နက်တင်ပို့များအတွက် နှစ်ဘက်စည်းကမ်းချက် သတ်မှတ်ရန် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်တွင် ရုရှားနိုင်ငံသို့ အီရန်တာဝန်ရှိသူများကို စေလွှတ်ခဲ့သည်။

ထိုအကြောင်းကို အီရန်၏ လက်နက်ရေးရာ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေသော အမေရိကန်နှင့် မဟာမိတ်များနိုင်ငံများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရခြင်း ဖြစ်သည်။

ယခုရက်ပိုင်း ထောက်လှမ်းရေး အကဲဖြတ်ချက် တစ်ခုတွင် ယူကရိန်းနှင့် အမေရိကန် တာဝန်ရှိသူများက “အီရန်၏ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းသည် Fateh-110 နှင့် Zolfaghar ဒုံးကျည်များကို ပထမဆုံးတင်ပို့ရန် ပြင်ဆင်နေ သည်” ဟု ထုတ်ဖော်ပြောကြသည်။

ကီလိုမီတာ ၃၀၀ နှင့် ၇၀၀ အကွာအဝေးရှိ ပစ်မှတ်များကို ထိရောက်စွာ ထိမှန်နိုင်စွမ်းရှိသော အီရန်နာမည်ကြီး တာတိုပစ် ပဲ့ထိန်းဒုံး ကျည်နှစ်စင်း ရုရှားလက်ဝယ်သို့ ရောက်ခဲ့ကြောင်း သိရသည်။ အမေရိကန် အစိုးရဘက်မှ အရာရှိနှစ်ဦးက အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်။

အကယ်၍သာ ထိုသတင်းကို အတည်ပြုနိုင်ခဲ့လျှင် စစ်ပွဲစတင်ချိန်မှစ၍ ရုရှားသို့ ပထမဆုံးသော ဒုံးကျည်များ အီရန် ပေးပို့မှု ဖြစ်လာမည်ဖြစ်သည်။ ထောက်လှမ်းရေးသတင်း စုဆောင်းရေး ကြိုးပမ်းမှုများနှင့် ပတ်ဝန်းကျင် ဂယက်များကြောင့် ၎င်းအရာရှိနှစ်ဦး၏ အမည်ကို ထုတ်ဖော်ခြင်းမပြုကြောင်း ဝါရှင်တန်ပို့စ်က ရေးသားသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း အီရန်လုပ် ဒရုန်းများ၊ Shahed စီးရီးနှင့် Mohajer-6 တို့ကို ယူကရိန်းတွင် သုံးစွဲရန် ရုရှားထံသို့ အီရန်ပို့ပေးနေကြောင်း အမေရိကန်က စုံစမ်းရမိခဲ့သည်။

အဆိုပါ လက်နက်အမျိုးစား နှစ်မျိုးစလုံး၏ အကြွင်းအကျန် သဲလွန်စများကို မကြာသေးမီ ရက်ပိုင်း၌ ယူကရိန်း တပ်ဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ပြီး အသေးစိတ် ခွဲခြားစိတ်ဖြာ၍ ဓာတ်ပုံရိုက်ကူး၍ မှတ်တမ်းတင်ခဲ့သည်။

ရုရှားသည် အဆိုပါ လက်နက်များကို ပြန်လည် တံဆိပ်ကပ်ပြီး ရုရှားအမည်များ ပေးထားပုံရသည်။

ယူကရိန်းစစ်သားများကိုတွေ့ရစဉ်

ရည်ရွယ်ထားသော ပစ်မှတ်များကို တိကျစွာ ဖောက်ခွဲနိုင်၍ တခါတရံ kamikaze ဟုခေါ်သည့် အီရန်လုပ် ဒရုန်း များသည် ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်၍ မိုင် ၁,၅၀၀ အကွာအဝေးအထိ လွှတ်တင်နိုင်သည်။

ထို့အပြင် မောင်းမဲ့လေယာဉ် လှုပ်ရှားလည်ပတ်မှုဆိုင်ရာ ညွှန်ကြားချက်များ ထုတ်နိုင်ရန်အတွက် အီရန် နည်းပညာ အကြံပေးသူများသည် မကြာသေးမီ သီတင်းပတ်များ၌ ရုရှားထိန်းချုပ် နယ်မြေများသို့ သွားရောက် ခဲ့ကြသည်။

ရုရှားနိုင်ငံသို့ အီရန်သင်္ဘောများ တင်ပို့မှု ဆိုင်းငံ့ထားသည့် သတင်းများနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက သဘောထား မှတ်ချက်ပေးရန် ဝါရှင်တန်ပို့စ်ကို ငြင်းဆန်ခဲ့သည်။

အလားတူ ရုရှားနှင့် ထိစပ်နေသော အီရန်ဒုံးကျည်များအကြောင်း အောက်တိုဘာ ၁၅ ရက်က ဝါရှင်တန်ပို့စ် အနေဖြင့် သဘောထား မှတ်ချက် တောင်းခံခြင်းကို ရုရှားနှင့်အီရန် အစိုးရအရာရှိများက တုံ့ပြန်ဖြေဆိုခြင်း မရှိပေ။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အမီရာအဗ္ဗဒူလာဝါဟင် (Hossein Amirabdollahian) က ယူကရိန်းစစ်ပွဲမှာ အသုံးပြုမယ့် လက်နက်ကို အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံကို ပေးမှာ မဟုတ်ကြောင်း ၎င်း၏ ပေါ်တူဂီ နိုင်ငံခြား ရေးဝန်ကြီးထံသို့ အောက်တိုဘာ ၁၆ ရက်၌ တောင်းဆိုသည့် ကြေညာချက်မှာ ဖော်ပြထားသည်။

“စစ်ရေး အကျပ်အတည်းရှိနေချိန် တစ်ဖက်နဲ့တစ်ဖက် လက်နက် အပြိုင်အဆိုင် တပ်ဆင်မှုက စစ်ပွဲကို ရှည်ကြာ စေမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာကန်အနီ (Nasser Kan’ani) က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားခြင်းဖြင့် ရုရှားနိုင်ငံသို့ ဒရုန်းများ ထောက်ပံ့ရေးရာ၌ မိမိတို့မည်သည့် ပတ်သက်မှုမှ ပါဝင် ပတ်သက်ခြင်း မရှိဟု အီရန်က ဆက်တိုက် ငြင်းဆိုခဲ့သည်။

ယူကရိန်းစစ်မြေပြင်ကိုတွေ့ရစဉ် 

“ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ဒရုန်းများကို ရုရှားထံ ပေးပို့ခြင်းနဲ့ ပတ်သက်တဲ့ အခြေအမြစ်မရှိသော သတင်းတွေကို အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံက ထည့်သွင်းစဉ်းစားမှာ မဟုတ်သလို အဲဒါတွေကို အတည် မပြုပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ကန်အနီက ယူကရိန်း-ရုရှား ပဋိပက္ခတွင် အီရန်၏ ကြားနေမှုကို ပြန်လည် အခိုင်အမာ ပြောကြားခဲ့သည်။

“နှစ်ဘက်စလုံးသည် အကြမ်းဖက်မှုမှ ကင်းစင်သော နိုင်ငံရေး နည်းလမ်းများဖြင့် ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် လိုအပ်ကြောင်း” အလေးပေး ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ထပ်မံရရှိသော ထောက်လှမ်းရေး သတင်းများ၏ နောက်ကွယ်ရှိ အထောက်အထားများနှင့် ပတ်သက်၍ ကိယက်ဗ် အစိုးရထံသို့ ရှင်းလင်းတင်ပြခဲ့ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယူကရိန်းတောင်ပိုင်းတွင် ရုရှားက မကြာသေးမီ၌ ဖြန့်ကြက်ချထားသော ဒရုန်းအများစုမှာ အီရန်နိုင်ငံတွင် ထုတ်လုပ်ကြောင်း ယူကရိန်းက သီးခြားအကဲဖြတ်နိုင်ခဲ့သည်ဟု ဝါရှင်တန်ပို့စ်သတင်းက ဖော်ပြထားသည်။

Source: Washington Post