CNI International Article
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ယူကရိန်းအား ရုရှားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့် ပေးခဲ့သည်။
ထိုဆုံးဖြတ်ချက်သည် ယူကရိန်းအား ဂျာမနီလုပ် Taurus ဒုံးကျည်များပေးပို့ရန် ငြင်းဆိုခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ် (Olaf Scholz) ၏ ဆုံးဖြတ်ချက်နှင့် သိသိသာသာ ဆန့်ကျင်ခဲ့သည်။
ထို့ကြောင့် ဂျာမနီအစိုးရအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပွားခဲ့ကာ ရှောဇ်၏ ပြည်တွင်း ထောက်ခံမှုနှုန်း အပေါ် ကြီးမားစွာ ထိခိုက်စေခဲ့သည်။
ဘိုင်ဒန်သည် ATACMS ဒုံကျည်များကို အသုံးပြုခွင့် ပေးတော့မည့် အခြေအနေကို ရှောဇ်က သိရှိခဲ့ဖွယ်ရှိသည်။
ထို့ကြောင့်ပင် ဘိုင်ဒန်က ATACMS ဒုံကျည်များကို ယူကရိန်းအား အသုံးပြုခွင့်မပေးမီ ရှောဇ်က ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ဖုန်းဆက်သွယ် စကားပြောဆိုခဲ့ခြင်းဖြစ်သည်။
၁ နာရီခန့် ကြာမြင့်ခဲ့သည့် ရှောဇ်နှင့် ပူတင်တို့၏ ဖုန်းဆက် သွယ်ပြောဆိုမှုတွင် မည်သည့် အကြောင်းအရာများကို ပြောဆိုခဲ့သည်ဆိုခြင်းကိုမူ မည်သူကမျှ အတိအကျ မသိခဲ့ပေ။
ထို့ပြင် ပူတင်သည် ဂျာမန်ဘာသာစကား ပြောဆိုတတ်သဖြင့် ၎င်းတို့ ၂ ဦးအကြား ဖုန်းဆက်သွယ် ပြောဆိုမှုတွင် စကားပြန်မလိုဘဲ တိုက်ရိုက် ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
ဘိုင်ဒန်၏ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ရုရှားက ပစ်မှတ်ထားမည့် စာရင်းထဲမှ ဂျာမနီနိုင်ငံကို ပယ်ဖျက် ပေးစေရန် ရှောဇ်က ဆန္ဒရှိနေပုံရသည်။
ရုရှားကလည်း ပွင့်ပွင့်လင်းလင်း ကြေညာထားပြီး ဖြစ်သည်။ အမေရိကန်လုပ် လက်နက်များဖြင့် ရုရှားမြေပေါ်ရှိ ပစ်မှတ်များကို တိုက်ခိုက်မှုသည် လုံးဝ လက်မခံနိုင်စရာကိစ္စ ဖြစ်ကြောင်းနှင့် နေတိုးသည် ရုရှားနှင့် တိုက်ရိုက် စစ်ပွဲ ဖြစ်ပွားနေသည်ဟု ယူဆမည်ဖြစ်ကြောင်း ပြောကြားထားသည်။
HIMARS ဒုံးပစ်စနစ်များဖြင့် ပစ်ခတ်ရသည့် ATACMS ဒုံးကျည်များကို ယူကရိန်းစစ်သားများက ထိန်းချုပ် ပစ်ခတ်ခြင်း မဟုတ်ဘဲ နေတိုးအဖွဲ့၏ နည်းပညာရှင်များက ထိန်းချုပ် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ရုရှားက ပြောကြားခဲ့သည်။
ရုရှား၏ ပြောကြားချက်သည် ယုတ္တိတန်သည်။
အကယ်၍ ယူကရိန်းတပ်ဖွဲ့များသာ HIMARS လောင်ချများဖြင့် ATACMS ဒုံးကျည်များကို ထိန်းချုပ် ပစ်ခတ်နိုင်မည်ဆိုပါက ယူကရိန်းတပ်ဖွဲ့များသည် ကာ့စ် (Kursk) နျူကလီးယား စက်ရုံကဲ့သို့ ရုရှားပစ်မှတ်များကို အစောပိုင်းကတည်းက ပစ်ခတ်လိမ့်မည်ဖြစ်သည်။
ရုရှားအတွက် သတင်းကောင်းတစ်ခုမှာ ယူကရိန်းတပ်ဖွဲ့များသည် HIMARS ဒုံးပစ် လောင်ချာစနစ်ကို ထိန်းချုပ် အသုံးမပြုတတ်ခြင်းဖြစ်သည်။
ATACMS ဒုံးကျည်များ အသုံးပြုမှုသည် စစ်ပွဲ၏ လမ်းကြောင်းကို ပြောင်းလဲသွားလိမ့်မည် မဟုတ်သလို ရလဒ်ကို လည်း ပြောင်းလဲနိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ဘိုင်ဒန်၏ အံ့အားသင့်ဖွယ် ကြေညာချက်သည် ယူကရိန်းစစ်ပွဲထက် ပိုမိုကြီးမားသည့် နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်ကို တွေ့ရစဉ်
စစ်ပွဲကာလအတွင်း ရုရှားတပ်ဖွဲ့များသည် နေတိုး၏ ထောက်ပံ့ရေးစခန်း တစ်ခုတစ်လေကိုမျှ တိုက်ခိုက်ခဲ့ခြင်း မရှိပေ။
အမေရိကန်နှင့် နေတိုးမဟာမိတ်များကလည်း ရုရှားနယ်နိမိတ်ကို တိုက်ခိုက်ခဲ့ခြင်း မရှိသော်လည်း ပင်လယ်နက် အတွင်းရှိ ရုရှားသင်္ဘောများကို တိုက်ခိုက်မှုများ တာဝေးပျံသန်းသည့် ဒရုန်းများဖြင့် ရုရှား လေပိုင်နက်အတွင်း ဝင်ရောက်မှုများ လုပ်ဆောင်ခဲ့ပြီး စည်းကျော်ခဲ့ကြသည်။
လက်ရှိတွင် ဘိုင်ဒန်၏ ဆုံးဖြတ်ချက်မှားကြောင်း သက်သေပြရန် ရုရှားတွင် ရွေးချယ်စရာ အများအပြား ရှိနေ သည်။
ဥပမာအနေဖြင့် ရုရှားသည် ယူကရိန်းပြင်ပ ပိုလန်နိုင်ငံရှိ အမေရိကန်နှင့် နေတိုး စစ်စခန်းများကို တိုက်ခိုက်နိုင် သည်။
ထိုအခြေအနေသို့ ရောက်ရှိမည်ဆိုပါက ဥရောပစစ်ပွဲတစ်ခု ဖြစ်လာမည် ဖြစ်သော်လည်း ရုရှားဘက်က အသာစီး ရနိုင်ကာ ဥရောပတိုက် ပြိုကွဲသွားနိုင်သည်။
ဥရောပဘက်မှ ဆုံးရှုံးမှုသည်လည်း ရုရှား၏ ဆုံးရှုံးမှုထက် ပိုမိုများပြား လိမ့်မည်ဖြစ်သည်။
ရုရှားသည် ဥပမာပြသည့် အနေဖြင့် ကိယက်ဗ် (Kyiv) မြို့တော်ကို ဖျက်ဆီးကာ ယူကရိန်းစစ်ပွဲကို အာရုံစိုက် တိုက်ခိုက်နိုင်မည့် အခွင့်အရေးလည်း ရှိသည်။
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ကိယက်ဗ်မြို့တော်ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုပါက လူပေါင်းများစွာ သေဆုံးမည်ဖြစ်ကာ အကြီးအကျယ် ပျက်စီးလိမ့်မည်ဖြစ်သည်။
ATACMS များ ထောက်ပံ့ပေးမှုသည် အကန့်အသတ်နှင့်ဖြစ်သည်။ ထိုဒုံးကျည်များသည် အမေရိကန်၏ ကာကွယ်ရေးကဏ္ဍ အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေသည်။
ထိုင်ဝမ်သည်လည်း ATACMS ဒုံးကျည်များ ရရှိနေသော်လည်း ထောက်ပံ့သည့် အရှိန်မှာ အလွန်နှေးကွေးနေကာ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ချိန်တွင် ကာကွယ်တားဆီးရန်အတွက် ဂျပန်၏ အိုကီနာဝါ (Okinawa) ကျွန်းပေါ်တွင် တပ်စွဲထားသည့် အမေရိကန်စစ်တပ်သည် ထိုဒုံးကျည်များကို လိုအပ်မည်ဖြစ်သည်။
ဂျပန်ရှိ အမေရိကန်တပ်များသည် ထိုင်ဝမ်နှင့် ၁၁၁ ကီလိုမီတာ (၆၉ မိုင်) သာ ကွာဝေးသည့် ယိုနာဂူနီ (Yonaguni) ကျွန်းပေါ်တွင် ရေဒါစခန်းတစ်ခု တည်ဆောက်ခဲ့သည်။
အကယ်၍ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်မည့် အခြေအနေမျိုးတွင် ဂျပန်ရှိ အမေရိကန်တပ်များသည် HIMARS ဒုံးပစ်လောင်ချာများကို ယိုနာဂူနီကျွန်းသို့ ပြောင်းရွှေ့ချထားမည်ဖြစ်သည်။
အမေရိကန်သည် ပြီးခဲ့သည့် နွေဦးရာသီကတည်းက ATACMS ဒုံးကျည်များကို ယူကရိန်းသို့ လျှို့ဝှက်ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းတို့ စစ်မရှုံးစေရန် နောက်ဆုံး အားထုတ်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ထိုဒုံးကျည်များကို ပေးပို့ခဲ့ခြင်းဖြစ်သည်။
HIMARS ဒုံးပစ်လောင်ချာစနစ်ကို တွေ့ရစဉ်
မိုင် ၁၉၀ အထိ ပစ်ခတ်ရောက်ရှိနိုင်သည့် ထိုဒုံးကျည်များသည် ရုရှား လေကြောင်း ကာကွယ်ရေး စနစ်များ၏ ကြားဖြတ်ပစ်ချခြင်းကို မခံရပါက ကြီးမားသည့် ထိခိုက်ပျက်စီးမှုများကို ဖြစ်စေနိုင်သည်။
ယူကရိန်းသည် ရုရှား၏ ကာ့စ် (Kursk) ဒေသကို ကျူးကျော် တိုက်ခိုက်သည့် စစ်ဆင်ရေးအတွင်း ATACMS ဒုံးကျည်များကို အသုံးပြုဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
သို့သော် မကြာသေးမီ သီတင်းပတ်များအတွင်း ရုရှားတပ်ဖွဲ့များသည် ကာ့စ်ဒေသမှ ယူကရိန်းတပ်များကို ပြန်လည် တိုက်ထုတ်ခဲ့ပြီး ယူကရိန်းတပ်များ တပ်စွဲထားသည့် နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက် သေဆုံးသူ များပြားခဲ့သည်ဟုဆိုသည်။
ယူကရိန်းတပ်ဖွဲ့များသည် ကာ့စ်ဒေသကို ဝင်ရောက် တိုက်ခိုက်သည့် စစ်ဆင်ရေးတွင် စစ်သားပေါင်း ၃၂,၀၀၀ ခန့် ထိခိုက်ခြင်း သို့မဟုတ် သေဆုံးခြင်း ရှိခဲ့သည်ဟု ရုရှားက ပြောကြားခဲ့သည်။
ရုရှားဘက်တွင်လည်း စစ်သား အများအပြား ဆုံးရှုံးခဲ့သော်လည်း အရေအတွက် အတိအကျကို မသိရပေ။
မည်သို့ပင်ဆိုစေ ကာ့စ်စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်ရန် ယူကရိန်းတွင် စစ်အင်အား အများအပြား မရှိတော့သဖြင့် အင်အားမမျှသည့် စစ်ပွဲသည် ပိုမိုထင်ရှားလာဖွယ်ရှိသည်။
ထို့ကြောင့် အနောက်နိုင်ငံများက ရုရှားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် ယူကရိန်းကို ၎င်းတို့၏ လက်နက်များ အသုံးပြုခွင့် ပေးလိုက်ခြင်းသည် ရုရှားအာဏာပိုင်များ ပြောသကဲ့သို့ စည်းကျော်သည့် လုပ်ဆောင် ချက် ဖြစ်လာခဲ့ပြီး ရုရှားဘက်က မည်ကဲ့သို့ တုန့်ပြန်မည်ဆိုခြင်းကို စောင့်ကြည့်ရမည်ဖြစ်သည်။
Source: Asia Times