CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃

ရီးရယ်လ်အသင်း တိုက်စစ်မှူးဟောင်း ဘန်ဇီမာက အသင်းဖော်ဟောင်း ဗီနီစီးယက်စ်ဟာ ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ရရှိဖို့ ထိုက်တန်တယ်လို့ ထောက်ခံခဲ့ပါတယ်။

ဘန်ဇီမာက “ဒီရာသီမှာ သူလုပ်ဆောင်ခဲ့တဲ့ အရာတွေအတွက် ဗီနီစီးယက်စ်ဟာ ဘောလွန်းဒီအောဆု ရရှိဖို့ ထိုက်တန်ပါတယ်။ သူဟာ ငယ်သေးပေမယ့် ပြီးပြည့်စုံတဲ့ ဘောလုံးသမားပါ။ ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်း က သူ့ကိုလိုအပ်တဲ့ အချိန်တိုင်း အလွန်ကောင်းမွန်စွာ လုပ်ပြနိုင်ခဲ့ပြီး ဒါကြောင့်လည်း ဘောလွန်းဒီအောဆုကို သူရရှိဖို့ ထိုက်တန်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီနှစ် ကျနော် အနှစ်သက်ဆုံးက ဗီနီစီးယက်စ်ပါ”လို့ ပြောခဲ့ တာပါ။

ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဗီနီစီးယက်စ်ဟာ အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရရှိဖို့ ရီးရယ်လ်အသင်းဖော် ဘယ်လင်ဂမ်နဲ့အတူ ရေပန်းစားနေတာပါ။

ဗီနီစီးယက်စ်ကိုတွေ့ရစဉ်

ဒါပေမယ့် ဗီနီစီးယက်စ်ဟာ ဘရာဇီးလ်အသင်းနဲ့အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်က ထွက်ခွာခဲ့ရပြီး ဘယ်လင်ဂမ်ကတော့ အင်္ဂလန်အသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။

သူတို့နှစ်ဦးနဲ့အတူ ဘောလွန်းဒီအောဆုအတွက် ရေပန်းစားနေတဲ့ ရိုဒရီဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်၊ စပိန်အသင်းနဲ့ ယူရိုချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ 

အဲဒါကြောင့် အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို သူတို့ ၃ ဦးထဲက ၁ ဦးက ရယူသွားနိုင်ဖွယ်ရှိနေပါတယ်။ 

၂၀၂၂ ခုနှစ်က ဘောလွန်းဒီအောဆုကို ရရှိခဲ့တဲ့ ဘန်ဇီမာက အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ဗီနီစီးယက်စ် ရရှိဖို့ ထိုက်တန်တယ်လို့ ပြောသွားခဲ့တာပါ။ 

၂၀၂၄ ခုနှစ်အတွက် ဘောလွန်းဒီအောဆုပေးပွဲကို အောက်တိုဘာ ၂၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး ဒီဆုအတွက် ဆန်ခါတင်စာရင်း ဝင်တဲ့သူတွေကို စက်တင်ဘာ ၄ ရက်ကျရင် ကြေညာသွားမှာ ဖြစ်ပါတယ်။

Source: Goal