CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၉

ပရီးမီးယားလိဂ် ပွဲတစ်ပွဲပြီးတိုင်းနဲ့ ချန်ပီယံလိဂ် ပွဲတစ်ပွဲပြီးတိုင်း သတင်းတွေရဲ့ ခေါင်းကြီးပိုင်းမှာ မပါမဖြစ် ဖော်ပြခံနေရသူ တစ်ဦးကတော့ မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းပဲ ဖြစ်ပါတယ်။

ဂိုးသွင်းတာမှာ ဟာလန်းရဲ့ ပါးနပ်မှု၊ နေရာယူတက်မှုနဲ့ အဆုံးသတ်မှုတွေကတော့ တကယ်ကို ဂိုးသမားတွေ အတွက် နတ်ဆိုးတစ်ဦးလိုကို ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် ဟာလန်းကို ကိုပေဟေဂင် ဂိုးသမားက လူသား မဟုတ်ဘူးလို့တောင် ပြောလာတဲ့အထိ ဖြစ်ခဲ့တာပါ။

ဟာလန်းကို အားလုံး သတိထားမိခဲ့တာကတော့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး နော်ဝေအသင်းက ဟွန်ဒူးရပ်စ် အသင်းကို ၁၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးတည်း ၉ ဂိုးအထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းကစပြီး ဟာလန်းရဲ့ နာမည်ဟာ ပိုပြီးကျော်ကြားလာခဲ့တာပါ။ အဆိုပါ အချိန်တုန်းက ဟာလန်းဟာ သြစတြီးယားကလပ် ရက်ဘူးလ်ဆဲလ်ဘတ်အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ရက်ဘူးဆဲလ်ဘတ် အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒေါ့မွန်အသင်းက ကစားသမားကို အရခေါ်ယူသွား နိုင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းမှာလည်း ဟာလန်းရဲ့ ဂိုးသွင်းနှုန်းဟာ ကစားတဲ့ ပွဲအရေအတွက်ထက် ကျော်လွန်တဲ့အထိ အားလုံး အံ့အားသင့်ခဲ့ကြရပါတယ်။

ယူနိုက်တက်အသင်းဘက်ကို ဟာလန်း ခေါင်းတိုက် ဂိုးသွင်းနေစဉ်

ဒီလိုနဲ့ ဟာလန်းရဲ့ နာမည်ဟာ အသင်းကြီးတွေရဲ့ ပါးစပ်ဖျားထဲမှာ ရောက်ရှိလာခဲ့ပါတယ်။ တကယ့်ကို ဥရောပ ထိပ်သီး အသင်းကြီးတွေက ဟာလန်းကို အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မန်စီးတီးအသင်းက ဟာလန်းကို အမြန်ဆုံး လက်ဦးမှုရယူပြီး အပြောင်းအရွှေ့ဈေးကွက် မဖွင့်ခင်မှာ ကတည်းက ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

ဟာလန်းဟာ ဘယ်လောက်ပဲ ကြမ်းကြမ်း ပရီးမီးယားလိဂ်မှာတော့ ဒီလိုမျိုး လွယ်လွယ်နဲ့ လုပ်လို့ရမှာ မဟုတ်ဘူး လို့ အများစုက သုံးသပ်ခဲ့ကြတာပါ။ ဟာလန်းရဲ့ မန်စီးတီး ပွဲဦးထွက်ကို အားလုံးက စောင့်ကြည့်ကြဖို့လည်း အဆင်သင့် ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဟာလန်းဟာ မန်စီးတီး ပွဲဦးထွက်ဖြစ်တဲ့ ခြေစမ်းပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်နဲ့ပွဲမှာ အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့ တာကြောင့် ဟာလန်းကို ဝေဖန်ဖို့ စောင့်ကြည့်နေတဲ့ သူတွေအတွက် ပြောစရာချည်းကို ဖြစ်ခဲ့ရတာပါ။

ဟာလန်းကတော့ ဝေဖန်သံတွေကို နားမထောင်ဘဲ ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်ပြီး လုပ်ဆောင်နေခဲ့ပါတယ်။ ဒီလိုနဲ့ မန်စီးတီးအတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဟာလန်းက ၂ ဂိုးသွင်းပြီး ဝေဖန်သံ တွေကို တိတ်စေခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ ဟာလန်းရဲ့ ခြေစွမ်းဟာ တကယ်ကို စောင့်ကြည့်ချင်စရာဖြစ်ခဲ့ပြီး ပွဲတစ်ပွဲမှာ ဘယ်နှစ်ဂိုး သွင်းမလဲဆို တာကို အားလုံးက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ တကယ်လည်း ၂၂ နှစ်အရွယ် ကစားသမားရဲ့ ဂိုးသွင်းနှုန်း ဟာ ကြောက်စရာဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ စံချိန်သစ်တွေ အများကြီး တင်ရှိနိုင်ခဲ့တာပါ။

ဒေါ့မွန်အသင်းမှာ ဟာလန်း ကစားခဲ့စဉ်

ပရီးမီးယားလိဂ်မှာ ပွဲအရေအတွက် နည်းနည်းနဲ့ ၁၀ ဂိုးပြည့်တဲ့ ကစားသမား အပါအဝင် စံချိန်သစ်တွေ အများကြီး ကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ယူနိုက်တက်နဲ့ မန်ချက်စတာ ဒါဘီပွဲမှာရော ဟာလန်း ဒီလိုမျိုး ထပ်လုပ်နိုင်ဦး မလားဆို တာ ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဟာလန်းဟာ မန်စီးတီးပရိသတ်တွေနဲ့ မိတ်ဆက်တဲ့ အခမ်းအနားမှာ သူအတွေ့ချင်ဆုံးအသင်းက ယူနိုက်တက်လို့ ပြောခဲ့တာပါ။ ဒါ့အပြင် သူ့အဖေဖြစ်သူနဲ့ ရွိုင်ကိန်းတို့ရဲ့ အတိတ် ဇာတ်ကြောင်းတွေကြောင့် ဒီပွဲဟာ အသက်ဝင်ခဲ့ပါတယ်။

ဒါပေမယ့် ဟာလန်း အတွက်ကတော့ တကယ့်ကို လွယ်ကူတဲ့ပွဲဖြစ်ခဲ့ပြီး ယူနိုက်တက်ဘက်ကို ဟတ်ထရစ် သွင်း ယူ သွားခဲ့ပါတယ်။ ဒီဟတ်ထရစ်ဂိုးဟာ အိမ်ကွင်း ၃ ပွဲဆက်တိုက် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာ ဒီလိုမျိုး အိမ်ကွင်း ၃ ပွဲဆက်တိုက် ဟတ်ထရစ် သွင်းယူနိုင်တဲ့ ကစားသမားဟာ ဟာလန်းအရင် တစ်ဦးမှ မရှိ ခဲ့တာကြောင့် ဟာလန်းက ပထမဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ် ၈ ပွဲ ကစားအပြီးမှာ ဟတ်ထရစ်ကို ၃ ကြိမ် ရယူထားနိုင်ခဲ့တာပါ။

နော်ဝေလက်ရွေးစင်အသင်းမှာ ဟာလန်းကိုတွေ့ရစဉ်

မန်စီးတီးအသင်းဖော် လာပေါ်တေးက သူစာချုပ်မှာ လက်မှတ်ထိုးရတဲ့ အရေအတွက်ထက် ဟာလန်းရဲ့ ဘောလုံး မှာ လက်မှတ်ထိုးရတဲ့ အရေအတွက်က ပိုပြီးတော့ များနေတယ်လို့တောင် နောက်ပြောင်ခဲ့ပါတယ်။

ဟာလန်းအတွက်တော့ ပရီးမီးယားလိဂ်မှာတင်မဟုတ်ပဲ ချန်ပီယံလိဂ်မှာလည်း စံချိန်သစ်တွေ အများကြီးကို ရယူ နိုင်ခဲ့ပြန်ပါတယ်။ ဟာလန်းဟာ အသက် ၂၂ နှစ် အရွယ်မှာတင် ချန်ပီယံလိဂ် သွင်းဂိုး ၂၈ ဂိုးအထိ ရှိသွားခဲ့ပြီး သူ့ရဲ့ အထက်မှာ ဂိုးအများဆုံး ကစားသမားတွေအဖြစ် ၂၇ ဦးအထိသာ ရှိတော့တယ်လို့ အချက်အလက်တွေအရ သိရတာပါ။

အဲ့ဒါကြောင့် ဟာလန်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို လယ်သမားလိဂ်ဖြစ်အောင် လုပ်နေတယ်ဆိုပြီး အားလုံးက ပြောနေကြတာ ဖြစ်ပါတယ်။ ဟာလန်းအတွက်တော့ ဂိုးသွင်းရတာဟာ ထမင်းစားရေသောက် ပြုလုပ်ရတာထက်တောင် ပိုမိုလွယ်ကူနေတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာ မန်စီးတီးအတွက် ဒီရာသီမှာ ၁၂ ပွဲသာ ကစားထားရချိန် ၁၉ ဂိုးအထိ သွင်းယူ ထားပြီးပြီလည်း ဖြစ်ပါတယ်။ လက်ရှိ ဂိုးသွင်းနှုန်းကို ဆက်ထိန်းမယ်ဆိုရင် ဟာလန်းအနေနဲ့ ရာသီအကုန်မှာ သွင်းဂိုး ၆၀ တောင် ကျော်သွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။

နော်ဝေလက်ရွေးစင် အသင်းအတွက်လည်း ဟာလန်းရဲ့ ဂိုးသွင်းနှုန်းက အံ့အားသင့်စရာ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။ ဟာလန်းဟာ ၂၀၂၀ မှ နော်ဝေအတွက် ဂိုးစတင် သွင်းယူခဲ့ပေမယ့် ၂ နှစ်အတွင်းမှာ သွင်းဂိုး ၂၁ ဂိုး အထိ ရယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဟာလန်းအနေနဲ့ လက်ရှိ ဂိုးသွင်းနှုန်းကို ဆက်ထိန်းပြီး ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့မယ်ဆိုရင် မဝေး တော့တဲ့ အနာဂတ်မှာ ဘောလွန်းဒီအောဆုကို ရယူနိုင်မယ်ဆိုတာ သေချာနေပါတယ်။