CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁

မန်စီးတီးအသင်းက နော်တင်ဟမ်ဖောရတ်စ်အသင်းကို ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဟတ်ထရစ် သွင်းယူပြီးနောက် ဟာလန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တင်လိုက်ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ကမှ ဒေါ့မွန်ကနေ ရောက်ရှိလာတဲ့ ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၅ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၉ ဂိုးအထိ ရရှိထားတာပါ။အဲဒါကြောင့် ဟာလန်းဟာ ပရီးမီးယားလိဂ် ၅ ပွဲကစားအပြီးမှာ ၉ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာလည်း ဟတ်ထရစ်ဂိုးသွင်းယူခဲ့တာကြောင့် ၂ ပွဲဆက်တိုက် ဟတ်ထရစ်ရရှိခဲ့တာပါ။

ဟာလန်းရဲ့ လက်ရှိသွင်းဂိုးဟာ ပရီးမီးယားလိဂ် ၁၅ သင်းရဲ့ သွင်းဂိုးထက်တောင်များနေတယ်လို့ အချက် အလက်တွေအရ သိရပါတယ်။ဒေါ့မွန်ကစားသမားဟောင်းဟာ ပွဲအပြီးမှာ ဟတ်ထရစ်သွင်းယူနိုင်လို့ ရရှိတဲ့ ဘောလုံးနဲ့အတူ လူတွေက သူ့ကို မယုံကြည်ကြဘူးဆိုတဲ့ စာသားကို အင်စတာဂရမ်မှာ တင်ထားခဲ့တာပါ။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဟာလန်းဟာ အသင်းရဲ့ အချိန်တိုင်းအကောင်းဆုံးကစားသမား ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “အဂွေရိုကတော့ ဂန္တဝင်ပါ။ခေတ်သစ်သမိုင်းမှာ မန်စီးတီးအတွက် အရေးပါဆုံးသွင်းဂိုးကို သွင်းယူထားတဲ့သူဖြစ်လို့ မန်စီးတီးပရိသတ်တွေရဲ့ နှလုံးသားမှာ သူ့နေရာကို ဘယ်သူကမှ ဝင်ပြီးဖျက်လို့ရမှာ မဟုတ်ပါဘူး။ဟာလန်းကလည်း အဲ့လိုနေရာမှာရှိဖို့ အခွင့်အရေးရှိပါတယ်။သူမို့လို့ ဒါမှမဟုတ် အဂွေရိုဆိုပြီးတော့ မဟုတ်ပါဘူး။အဂွေရိုလုပ်ခဲ့တာက အံသြစရာပါ။ဒါပေမယ့် ဟာလန်းကလည်း အရည်အသွေးတွေ ရှိပါတယ်။ နော်ဝေ၊သြစတြီးယားနဲ့ ဂျာမနီမှာလုပ်ခဲ့သလိုမျိုး ဒီမှာလည်းလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။သူ့မှာ အရည်အချင်း ရှိတယ်ဆိုတာ သိတယ်”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာချိန်မှာ အသင်းဟောင်းတွေမှာ လုပ်ခဲ့သလိုမျိုးလုပ်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ခဲ့ကြပေမယ့် ကစားသမားကတော့ အကောင်းဆုံးလုပ်ဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အခုတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail.com