CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁

ဆရီနာဝီလျံဟာ အမေရိကန်အိုးပန်း ဒုတိယအဆင့်ပွဲစဉ်မှာ ဒီပြိုင်ပွဲရဲ့ ဆီဒင်အဆင့် ၂ အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ကွန်တာဗိတ်ကို အနိုင်ရပြီး တတိယအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီလထဲမှာ အသက် ၄၁ နှစ်ပြည့်တော့မယ့် ဆရီနာဝီလျံဟာ အက်စ်တိုးနီးယား တင်းနစ်မယ်ကို ၇-၆၊ ၂-၆၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့တာပါ။ ဆရီနာဝီလျံဟာ အမေရိကန် အိုးပန်းပြိုင်ပွဲအပြီးမှာ တင်းနစ်လောကကနေ အနားယူတော့ မယ်လို့ ပြောထားခဲ့ပါတယ်။

ဆရီနာဝီလျံက “ ကျမရဲ့ ရင်ထဲမှာ အနည်းငယ်တော့ ကျန်ပါသေးတယ်”လို့ ပွဲအပြီး ကွင်းထဲမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြုံးရွှင်စွာ ဖြေကြားသွားခဲ့ပါတယ်။

ဒါပေမယ့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ “ အခိုက်အတန့်တွေဟာ ခဏတာပဲ ကျန်တော့တယ်ဆိုတာ ရှင်းပါတယ်”လို့ ဆရီနာဝီလျံက ပြောပါတယ်။

ဆရီနာဝီလျံကို တိုက်ဂါးဝုဒ် လာရောက်အားပေး (AP)

ဆရီနာဝီလျံဟာ ဂရမ်းဆလမ်း ချန်ပီယံဆု ၂၃ ကြိမ် ရရှိထားပြီး ၂၄ ကြိမ်နဲ့ အများဆုံး ရရှိထားတဲ့ မာဂရတ်ကော့ရဲ့ စံချိန်ကို လိုက်မီဖို့ ပစ်မှတ်ထားနေတာပါ။ အမေရိကန်အိုးပန်း ပြိုင်ပွဲကတော့ ဆရီနာဝီလျံအတွက် ဒီစံချိန် မှတ်တမ်းကို လိုက်မီဖို့ နောက်ဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။

အမေရိကန် တင်းနစ်မယ်ဟာ တတိယအဆင့်မှာ ရိုဒီနာကို အနိုင်ရခဲ့တဲ့ သြစတြေးလျ တင်းနစ်မယ် တိုမီအန် နိုဗစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။ သူတို့နှစ်ဦးဟာ အရင်က တစ်ကြိမ်မှ တွေ့ဆုံခဲ့ခြင်း မရှိတာကြောင့် အခုတစ်ကြိမ် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။

ဆရီနာဝီလျံက သူမဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်သူ ဟုတ်၊မဟုတ်ဆိုပြီး မေးမြန်းခြင်းလည်း ခံခဲ့ရပါတယ်။

“ဒါကတော့ ကျမတွေးလို့ မရသေးပါဘူး။ အခုအချိန်မှာတော့ ပြိုင်ပွဲကို ပျော်ရွှင်စွာနဲ့ ယှဉ်ပြိုင်နေတယ်လို့” ဆရီနာဝီလျံက ဖြေသွားပါတယ်။

ကွန်တာဗိတ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကို နာမည်ကျော် ဂေါက်သီးရိုက် အားကစားသမား တိုက်ဂါးဝုဒ် လာရောက်ပြီး ဆရီနာဝီလျံကို အားပေးခဲ့ပါတယ်။ ပထမအဆင့် ပွဲစဉ်အဖြစ် ကစားခဲ့တုန်းကလည်း ဆရီနာဝီလျံကို လက်ဝှေ့ အကျော်အမော် မိုက်တိုင်ဆန်က လာရောက် အားပေးခဲ့ပါသေးတယ်။

Source: AP