CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

နာမည်ကြီး အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံဟာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ပထမအဆင့်အဖြစ် ပြင်သစ်တင်းနစ် မယ် ဟာမိုနီတန်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဆရီနာဝီလျံဟာ ပြီးခဲ့တဲ့နှစ်က ဒဏ်ရာရရှိခဲ့တဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခဲ့ပြီး စိတ်အားထက်သန်မှု အပြည့်နဲ့ ကစားခဲ့ပေမယ့် ၅-၇၊ ၆-၁၊ ၆-၇ နဲ့ အရေးနိမ့်ခဲ့တာပါ။

ပွဲချိန် ၃ နာရီကျော် ကစားခဲ့ရတဲ့ ဒီပွဲမှာ အသက် ၄၀ အရွယ်ရှိ ဆရီနာဝီလျံဟာ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တာဖြစ်ပါ တယ်။ ဟာမိုနီတန်ကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဒီပွဲဟာ သူမရဲ့ နောက်ဆုံး ဝင်ဘယ်လ်ဒန်ပွဲစဉ်လားလို့ မေးခြင်းခံခဲ့ရပါတယ်။

ဆရီနာဝီလျံက “ဒါက ကျမ မဖြေနိုင်တဲ့ မေးခွန်းပါ။ ကျမ ဒါကို မသိပါဘူး။ ဘယ်သူသိနိုင်မှာလဲ၊ ကျမ ဘယ်အချိန် ပြန်လာနိုင် လဲဆိုတာ ဘယ်သူသိလဲ” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဆရီနာဝီလျံဟာ ပြီးခဲ့တဲ့နှစ်က ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာလည်း ပထမအဆင့်မှာပဲ ဒဏ်ရာကြောင့် အရေးနိမ့် သွားခဲ့ ပါတယ်။ အမေရိကန် တင်းနစ်မယ်ဟာ ဒီပြိုင်ပွဲမတိုင်ခင် ကျင်းပခဲ့တဲ့ Eastbourne international နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

 

ဟာမိုနီတန်ကို ရှုံးနိမ့်သွားတဲ့ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံ (RTHK)

အဲ့ဒီနောက်မှာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။

ကမ္ဘာ့အဆင့် ၁၁၅ မှာ ရပ်တည်နေတဲ့ ပြင်သစ်တင်းနစ်မယ် ဟာမိုနီတန် ကတော့ သူ့ရဲ့ ပထမဆုံး ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှာ ဆရီနာဝီလျံကို အနိုင်ရခဲ့လို့ ပျော်ရွှင်ကြောင်း ပြောခဲ့ပါတယ်။

ဟာမိုနီတန် က “ကျမရဲ့ ပထမဆုံး ဝင်ဘယ်လ်ဒန်က အံသြဖို့ ကောင်းပါတယ်။ ကျမ ငယ်ငယ်လေးတုန်းက ဆရီနာကို တီဗီ မှာပဲ မြင်ဖူးတာပါ။ အဲ့ဒါကြောင့် ဒါဟာ အိမ်မက်ဆိုတာ ရှင်တို့သိပါတယ်။ သူမဟာ ဂန္တဝင် ကစားသမားပါ။ သူမနဲ့ ယှဉ်ပြိုင် ရတာကို ကြောက်မိပေမယ့် အနိုင်ရခဲ့လို့ အလွန်ပျော်ရွှင်ပါတယ်”လို့ ပြောပါတယ်။

ဆရီနာဝီလျံကို အနိုင်ရခဲ့တဲ့ ဟာမိုနီတန်ဟာ ဒုတိယအဆင့် ပွဲစဉ်အဖြစ် စပိန်တင်းနစ်မယ် တိုမိုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဆရီနာဝီလျံဟာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ၇ ကြိမ် ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၃ ကြိမ် ရယူထား သူ ဖြစ်ပါတယ်။

Source: BBC