CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၀

နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံက အမေရိကန် အိုးပန်းပြိုင်ပွဲအပြီးမှာ တင်းနစ်လောကကနေ အနားယူတော့မယ်လို့ ပြောလိုက်ပါတယ်။

ဆရီနာဝီလျံက “တင်းနစ်နဲ့ မိသားစုကြားကို ရွေးချယ်ဖို့ ဘယ်တုန်းကမှ မလိုချင်ခဲ့ပါဘူး။ ဒါကို မျှတတယ်လို့လည်း မထင် ပါဘူး။ အနားယူတယ်ဆိုတဲ့ စကားလုံးကို ဘယ်တုန်းကမှလည်း ကြိုက်နှစ်သက်ခဲ့ခြင်း မရှိပါဘူး။ ဒါကို ခေတ်မီတဲ့ စကားလုံး လို့လည်း မထင်ခဲ့ပါဘူး။ ဒါကို အကူးအပြောင်း တစ်ခုအနေနဲ့ တွေးထားပါတယ်။ ဒါပေမယ့် လူတွေရဲ့ အသိုက်အဝန်းအတွက် အရေးကြီးပြီး အလွန်တိကျတဲ့အရာ ဖြစ်တာကြောင့် ဒီစကားလုံးကို ဘယ်လိုသုံးရမလဲဆိုတာ သတိထားစေချင်ပါတယ်။ အခု တင်းနစ်နဲ့ ဝေးကွာပြီး အရေးကြီးတဲ့ အရာတွေဆီ ဦးတည်နေပြီ”လို့ Vogue မှာ ရေးသားခဲ့တာပါ။

အသက် ၄၀ အရွယ်ရှိ ဆရီနာဝီလျံဟာ ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူခဲ့ရပြီး ပြီးခဲ့တဲ့ ဇွန်လက ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆရီနာဝီလျံဟာ သြဂုတ်လ ကုန်ပိုင်းမှာ ကစားမယ့် အမေရိကန် အိုးပန်း ပြိုင်ပွဲမှာတော့ သူမ ပါဝင်ကစားမယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် တင်းနစ်မယ်ဟာ ဂရမ်းဆလမ်း ချန်ပီယံဆု ၂၃ ကြိမ် ရရှိထားပြီး သူ့ရဲ့ အထက်မှာ အများဆုံး အမျိုးသမီး ကစားသမားအဖြစ် မာဂရတ်ကော့တ်က ၂၄ ကြိမ်နဲ့ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

ဆရီနာဝီလျံ ကိုတွေ့ရစဉ် (MARCA)

“ကံမကောင်းစွာနဲ့ပဲ ဝင်ဘယ်လ်ဒန်မှာ အနိုင်ရဖို့ အဆင်သင့် မဖြစ်ခဲ့ပါဘူး။ နယူးယော့ခ်မှာရော အနိုင်ရဖို့ အဆင်သင့် ဖြစ်မလားဆိုတာ မသိပါဘူး။ ဒါပေမယ့် ကြိုးစားသွားမှာပါ။ နှုတ်ဆက်ရတယ်ဆိုတာ အလွန်ဆိုးရွားပါတယ်။ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးပါပဲ။ စကားလုံးတွေနဲ့ ဖော်ပြနိုင်တာထက် ပိုပြီး ကျေးဇူးတင်တယ်ဆိုတာ သိထားပေးပါ”လို့ ဆရီနာဝီလျံက ရေးသားခဲ့တာပါ။

တိုရွန်တိုမှာ တနင်္လာနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒီယက်ဇ်ကို အနိုင်ရခဲ့တာဟာ ဆရီနာဝီလျံအတွက် ၁၄ လအတွင်း ပထမဆုံး တစ်ဦးချင်း ပြိုင်ပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

“တင်းနစ်ပြိုင်ပွဲက နိုင်ပွဲတွေ အများကြီးနဲ့ ဆုဖလားတွေကို ယူဆောင်လာပေးပါတယ်။ တင်းနစ်ကစားတဲ့ ကောင်မလေးဆိုတဲ့ ဗားရှင်းကို လွမ်းနေမှာ ဖြစ်သလို အရာအားလုံးကိုလည်း လွမ်းနေမှာပါ”လို့ ဆရီနာဝီလျံက ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဆရီနာဝီလျံဟာ ခင်ပွန်းဖြစ်သူ အလက်ဇစ်နဲ့ ၅ နှစ်အရွယ်ရှိ အိုလံပီယာကို ပိုင်ဆိုင်ထားပြီး နောက်ထပ် ရင်သွေးထပ်ယူဖို့ ရှိနေကြောင်းလည်း အဆိုပါ Vogue မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail