CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၉

လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမား သီယာဂိုဟာ ဖူလ်ဟမ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူရမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သီယာဂိုဟာ အဆိုပါ ပွဲစဉ်ရဲ့ ပွဲချိန် မိနစ် ၅၀ မှာ ဒဏ်ရာကြောင့် ဆက်ကစားနိုင်ခြင်း မရှိတော့တဲ့အတွက် လူစားလဲ ခံခဲ့ရတာပါ။ The Athletic ကတော့ စပိန်ကစားသမားဟာ စက်တင်ဘာ လလယ်အထိ အနားယူရမယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲ့ဒါကြောင့် သီယာဂိုဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေဖြစ်တဲ့ ပဲလေ့စ်၊ ယူနိုက်တက်၊ ဘုန်းမောက်၊ နယူးကာဆယ်၊ အဲဗာတန်နဲ့ ဝုလ်ဗ်စ်တို့ ပွဲစဉ်တွေကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ လီဗာပူးလ်အသင်းဟာ သီယာဂိုမတိုင်ခင် ချိန်ဘာလိန်နဲ့ ကာတစ် ဂျူံးစ် တို့ကိုလည်း ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။

တံကောက်ကြောဒဏ်ရာ ရခဲ့တဲ့ သီယာဂို (FotMob)

အဲ့ဒါကြောင့် ကလော့ပ်အတွက် ဒီသတင်းဟာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တာပါ။ ဒီအခြေအနေတွေကြောင့် လီဗာပူးလ် အသင်းအနေနဲ့ နောက်ထပ် ကွင်းလယ်ကစားသမား ဝယ်ယူမလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကလော့ပ်က “ အပြောင်း အရွှေ့က အခုရော ရေရှည်မှာပါ အဓိပ္ပါယ်ရှိရပါမယ်။ ကျနော်တို့မှာ ကွင်းလယ်ကစားသမား ၈ ဦးရှိလို့ ကွင်းလယ်အတွက် လုံလောက်ပါတယ်။ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ထိတ်လန့်ခြင်း မရှိပါဘူး”လို့ ဖြေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ဘိုင်ယန်မြူးနစ်ကနေ ပေါင် ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ သီယာဂိုဟာ လီဗာပူးလ်အသင်းမှာ မကြာခဏ ဆိုသလို ဒဏ်ရာနဲ့ ကြုံတွေ့နေခဲ့ရတာပါ။ သူဟာ ဒဏ်ရာရတာတွေနဲ့ နာမကျန်းမှုတွေကြောင့် ၂၀၂၀-၂၁ ရာသီက လိဂ်ပွဲ ၂၄ ပွဲသာ ကစားနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီကလည်း ၂၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

သီယာဂိုဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ် အသင်းနဲ့အတူ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား ရယူနိုင်ခဲ့ပြီး အခုရာသီ အစမှာ ကွန်မြူနတီဒိုင်း တို့ကို ရယူနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ သရေရလဒ်ရခဲ့တဲ့ လီဗာပူးလ် အသင်းဟာ ပွဲစဉ် ၂ အဖြစ် ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail