CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁

တိုကျိုအိုလံပစ်စပွန်ဆာ Aoki Holdings ဥက္ကဋ္ဌဟောင်းက အားကစားပြိုင်ပွဲ ဖြစ်မြောက်ရေး အကြီးအကဲ ဂျပန် ဝန်ကြီးချုပ်ဟောင်း ယိုရှီယိုမိုရီကို ယန်း ၂ သန်းပေးခဲ့ကြောင်း အစိုးရရှေ့နေတွေကို ပြောခဲ့တယ်လို့ The Sankei နေ့စဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဟီရိုနိုရီအေအိုကီဟာ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူ သံသယနဲ့ ပြီးခဲ့တဲ့လက ဖမ်းဆီးခံခဲ့ရတာပါ။ သူဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်းထံ ငွေသား ၂ ခါ လွှဲပေးခဲ့တာလို့ အစိုးရရှေ့နေတွေကို ပြောခဲ့ပါတယ်။

အစိုးရရှေ့နေတွေကတော့ ပြီးခဲ့တဲ့လက ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဘုတ်အဖွဲ့ဝင်ဟောင်း တာကာဟာရှီ အပါအဝင် အမှုဆောင် ၂ ဦးကို လာဘ်ပေးလာဘ်ယူမှုနဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။ ဒါနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အေအိုကီကို ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုကျိုခရိုင်ရှိ အစိုးရရှေ့နေတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ယိုရှီယိုမိုရီနဲ့ ဟီရိုနိုရီအေအိုကီ

အသက် ၈၅ နှစ်အရွယ်ရှိ မိုရီဟာ ဂျပန်ဝန်ကြီးချုပ်အဖြစ် ၂၀၀၀ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ တစ်နှစ်ကျော်သာ တာဝန်ယူခဲ့ပြီး တိုကျိုအိုလံပစ် ကျင်းပရေးကော်မတီကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီကနေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ရာထူးကနေ နုတ်ထွက်ချိန်မှာ မိန်းမတွေနဲ့ ပတ်သက်ပြီး အလွန်အကျွံ မှတ်ချက်ပေးခဲ့လို့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

မိုရီကတော့ ငွေသား ရရှိတယ်ဆိုတာကို ငြင်းဆိုခဲ့တယ်လို့ အဆိုပါ Sankei သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဂျပန်အားကစားလောကမှာ သြဇာကြီးမားတဲ့ မိုရီနဲ့ တာကာဟာရှီတို့ဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲ ကျင်းပနိုင်အောင် ကြိုးပမ်းမှုမှာ အဓိကကျခဲ့တာဖြစ်ပြီး ၂၀၁၁ မှာ ဒီလှုပ်ရှားမှုကို စတင်ခဲ့တာပါ။

မိုရီက စီမံခန့်ခွဲပြီး အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုကို တိုကျိုအိုလံပစ် လေလံကော်မတီက အမေရိကန် ဒေါ်လာ ၁ သန်း ပေးချေခဲ့တယ်လို့ ၂၀၂၀ က ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် လူအများစု မသိတဲ့ အဖွဲ့အစည်းဟာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှာ ဒီလှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းလိုက် ကြောင်း ဒီဝက်ဘ်ဆိုက်မှာ အဆိုပါအချိန်က ဖော်ပြခဲ့ပါတယ်။

မိုရီကတော့ သူဟာ အကျိုးအမြတ်မယူတဲ့ ငွေကြေးလုပ်ငန်းမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနဲ့ ငွေကြေး အကြောင်းကိုလည်း မသိဘူးလို့ နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

Source: CNA