CNI International News

ဘာလီ၊ အောက်တိုဘာ ၈

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ၎င်း၏ ယူကရိန်းသမ္မတ ဗလာဒီမာ ဇာလန်စကီးတို့သည် G-20 ထိပ်သီး အစည်းအဝေး တက်ရန်အတွက် လာမည့် နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းသို့ သွားရောက် ကြမည် ဖြစ်ကြောင်း အင်ဒိုနီးရှား သံတမန်တစ်ဦးက ယူအေအီးအခြေစိုက် The National မီဒီယာသို့ ပြောကြားခဲ့ သည်ဟု အာရ်တီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါသတင်း အမှန်ဆိုပါက လာမည့် G-20 ထိပ်သီး ဆွေးနွေးပွဲသည် ယူကရိန်းသို့ ရုရှား၏ထိုးစစ် စတင်စဉ် ကတည်းက နှစ်နိုင်ငံခေါင်းဆောင်များ ပထမဆုံး တက်ရောက်သည့် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာမည်ဟု ရုရှား အခြေစိုက် အာရ်တီ သတင်းဌာနက ဆက်လက် ရေးသားသည်။

“နှစ်ရပ်လုံးက တက်ရောက်ဖို့ သဘောတူထားပါတယ်” ဟု ယူအေအီးနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ် ဟူစိန်ဘာဂစ် (Husain Bagis) က The National မီဒီယာသို့ အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

“ယူကရိန်း-ရုရှားစစ်ပွဲကြောင့် အစည်းအဝေး အခြေအနေက မလွယ်ပါဘူး” ဟု ဟူစိန်ဘာဂစ်က ဝန်ခံခဲ့ပြီး အင်ဒိုနီးရှား အစိုးရအနေဖြင့်  အဆိုပါခေါင်းဆောင်နှစ်ဦး ရောက်ရှိလာရေးအတွက် ကြိုတင်စီစဉ်စရာများ ပြင်ဆင် နေပြီဟု ဆက်လက်ပြောကြားခဲ့သည်။

ပူတင်နဲ့ ဂျိုကိုဝီဒိုဒို ကိုတွေ့ရစဉ်(AP)

“သူတို့ကို ဘယ်ဟိုတယ်မှာ ထားရမလဲဆိုတာ သေသေချာချာ စီမံနေပါတယ်။ တည်းခိုစရာ တစ်ခုက မစ္စတာ ပူတင် အတွက်ပေါ့။ နောက်တစ်ခုက မစ္စတာ ဇာလန်းစကီး အတွက်ဆိုပြီး စဉ်းစားဆုံးဖြတ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ရုရှားသမ္မတ ပူတင် G-20 ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဟု ပြီးခဲ့သည့် ဇွန်လတွင် ကရင်မလင် သမ္မတနန်းတော်က အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း ပူတင် တက်ရောက်မည့် အစီအစဉ်ကို မသတ်မှတ်ရသေး ကြောင်း ကရင်မလင်ပြောခွင့်ရသူ ဒီမီထရီပက်စကော့ဗ်က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

ဇာလန်းစကီးကတော့ “စစ်အတွင်းကာလ ကိယက်ဗ်၌ပင် မိမိ ရှိသင့်သည်ဟု ယုံကြည်ကြောင်း” ပြီးခဲ့သည့် ဩဂုတ်လတွင် ပြောကြားခဲ့ဖူးသော်လည်း G-20 သို့ ပူတင် ကိုယ်တိုင် တက်မည်ဆိုပါက သူလည်း ပြည်ပ ခရီးစဉ် အတွက် စဉ်းစားလိမ့်မည်ဟု အာရ်တီသတင်းဌာနက ဖော်ပြသည်။

ဇာလန်းစကီးနဲ့ဂျိုကိုဝီဒိုဒို ကိုတွေ့ရစဉ်

ပူတင်ကို ဖိတ်ကြားခြင်းမပြုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အခြားအနောက်အုပ်စုနိုင်ငံ ခေါင်းဆောင်များ က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကို တိုက်တွန်းခဲ့ကြသော်လည်း ဝီဒိုဒိုက အနောက်အုပ်စုဖိအားကို တွန်းလှန်၍ ၎င်း၏အစီအစဉ်အတိုင်း ရုရှားခေါင်းဆောင်ကို ဖိတ်ကြားခဲ့သည်။

ဝီဒိုဒိုသည် လာမည့် နွေရာသီမတိုင်မီ ဇာလန်းစကီးနှင့် ပူတင်တို့ကို တွေ့ဆုံစေပြီး ခေါင်းဆောင်နှစ်ဦး ဆွေးနွေးရေး လမ်းဖွင့်ရန်နှင့် စစ်ပွဲရပ်တန့်ရေး ကမ်းလှမ်းရန်အတွက် ကြိုးပမ်းနေခဲ့ကြောင်း၊ မိမိတို့ အင်ဒိုနီးရှားသည် G-20 ကို ပဋိပက္ခ အငြင်းပွားရေးအတွက် မရည်ရွယ်ဘဲ ငြိမ်းချမ်းရေး ပလက်ဖောင်း တစ်ခုဖြစ်အောင် ရည်ရွယ် ကျင်းပသွား မည်ဖြစ်ကြောင်း အင်ဒိုသံတမန်က The National မီဒီယာသို့ ရှင်းပြခဲ့သည်။

Source: အာရ်တီသတင်းဌာန