CNI International News

အော်စလို၊ အောက်တိုဘာ ၇

ဘယ်လာရုစ်နိုင်ငံတွင် အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေးရှေ့နေ အေလက်စ်ဘီယာလီယက်စကီ၊ ရုရှား လူ့အခွင့်အရေးအဖွဲ့ Memorial နှင့် ယူကရိန်း လူ့အခွင့်အရေးအဖွဲ့ ပြည်သူ့လွတ်လပ်ရေးစင်တာတို့သည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို မှတ်တမ်းတင်ရန် ကြိုးစားခဲ့ကြသဖြင့် ၂၀၂၂ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆုများ အသီးသီး ရရှိသွားကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ ဆုရစာရင်းကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော်ရှိ နော်ဝေနိုဘယ်ဆုရေးရာသိပ္ပံက အောက်တိုဘာ ၇ ရက် (ယနေ့) ကြေညာခဲ့သည်။

“အိမ်နီးချင်း တိုင်းပြည်များဖြစ်သည့် ဘယ်လာရုစ်၊ ရုရှားနှင့် ယူကရိန်းတို့မှ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့အတွက် ထူးချွန်သူ ၃ ဦးကို နော်ဝေနိုဘယ်ဆုကော်မတီက ဂုဏ်ပြုလို ခြင်းဖြစ်သည်” ဟု  ကော်မတီဥက္ကဋ္ဌ ဘီရစ်ရီယစ်စ်အန်ဒါဆင်က ပြောကြားခဲ့သည်။

၎င်းသည် ဘယ်လာရုစ်အကျဉ်းထောင်မှ အေလက်စ်ဘီယာလီယက်စကီ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့သူ ဖြစ်သည်။

ဆုကြေးအဖြစ် ဆွီဒင် ခရိုနာငွေကြေး ၁၀ သန်း (သို့မဟုတ်) ဒေါ်လာ ၉ သိန်းကို အော်စလိုမြို့တွင် လာမည့် ဒီဇင်ဘာ ၁၀ ရက်၌ ပေးအပ်မည်ဖြစ်ပြီး ထိုနေ့သည် အဆိုပါဆုကို စတင်တည်ထောင်ခဲ့သည့် ဆွီဒင်စက်မှု လုပ်ငန်းရှင် အဲလ်ဖရက်နိုဘယ်လ် ကွယ်လွန်သည့် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။

“နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေဟာ သူတို့မိခင်နိုင်ငံတွေမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ကိုယ်စားပြုပါ တယ်။ အာဏာကို ဝေဖန်ပိုင်ခွင့်နဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေးတွေကို ကာကွယ်ဖို့ နှစ်ပေါင်း များစွာ ကြိုးစားမြှင့်တင်ခဲ့ကြသူတွေပါ” ဟု နော်ဝေနိုဘယ်ဆုကော်မတီက ကြေညာချက်တွင် ပြောကြား ထားသည်။

“သူတို့ဟာ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေကို မှတ်တမ်း တင်ဖို့ ပြောင်မြောက်စွာ ကြိုးစားခဲ့ကြသူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အရေးပါမှုကို သူတို့ဟာ အတူတကွ ပြသခဲ့ကြပါတယ်” ဟု အဆိုပါကြေညာချက်တွင် ဆက်လက်ပြောကြားထားသည်။

“မော်စကိုမြို့ရှိ MEMORIAL International အဖွဲ့ကို အတင်းအကျပ် ဖျက်သိမ်းခဲ့ပေမယ့်လည်း နေရာသစ်မှာ တည်ရှိပြီးတော့ ရုရှားမိတ်ဖက်တွေအတွက် ဆက်လက် ပံ့ပိုးကူညီဖို့ ကျနော်တို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟု Memorial ဘုတ်အဖွဲ့ဝင် အန်ကီဂျင်ဆင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: Aljazeera