CNI International News

ကိယက်ဗ်၊ အောက်တိုဘာ ၁

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၎င်း၏ကျူးကျော်စစ်ကို အရှိန်မြှင့်လာချိန်၌ သိမ်းပိုက်ထားသော ယူကရိန်း နယ်မြေများကို တရားမဝင် အပြီးအပိုင် ချုပ်ကိုင်ရန်အတွက် စက်တင်ဘာ ၃၀ အတည်ပြု စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့သည်။

ယူကရိန်းသမ္မတကလည်း မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)ထဲသို့ ပါဝင်ရန်အတွက် အံ့အားသင့်စရာ လျှောက်လွှာတင်ခြင်းဖြင့် ပူတင်လုပ်ရပ်ကို တုံ့ပြန်ခဲ့သည်။

ထိုသို့ ပူတင်၏ နယ်မြေသိမ်းပိုက်မှုနှင့် ယူကရိန်း သမ္မတ ဗိုလိုဒီမီယာဇာလန်းစကီး၏ နေတိုးဝင်ခွင့် လျှောက်လွှာ တို့သည် ခေါင်းဆောင်နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှုဖြင့် ပိုမိုဇာတ်ရှိန် မြင့်လာခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် ရုရှားနှင့်အနောက်အုပ်စုတို့အကြား အပြည့်အဝ ပဋိပက္ခ ဖြစ်ပွားမည့် အရေးလည်း စိုးရိမ်မှုများ တိုးလာခဲ့သည်။

ဇာလန်းစကီး နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင် လျှောက်ထားမှု လက်မှတ်ထိုးနေစဉ် 

ကရင်မလင်နန်းတော်တွင် ယူကရိန်းနယ်မြေသိမ်း လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ ရုရှားသမ္မတ ပူတင်က ၎င်း၏ နျူကလီးယား ကျောထောက်နောက်ခံပြု ခြိမ်းခြောက်မှုအသစ်ဖြင့် ယူကရိန်းထံမှ သိမ်းပိုက်နယ်မြေများကို တတ်နိုင်သမျှ နည်းလမ်းများဖြင့် ကာကွယ်သွားမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် ရုရှားကို ဖျက်လိုဖျက်ဆီး ကြိုးပမ်းနေကြကြောင်း ပူတင်က စွပ်စွဲခဲ့သည်။

တစ်ချိန်တည်းမှာပင် ကိယက်ဗ်မြို့တွင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတစ်ခု ကျင်းပခဲ့ပြီး ဇာလန်းစကီးက နေတိုး အဖွဲ့ဝင်အဖြစ် တရားဝင် လျှောက်ထားသည့် စာရွက်စာတမ်းများပေါ်သို့ လက်မှတ်ရေးထိုးနေသည့် ဗွီဒီယိုဖိုင်ကို လွှင့်တင်လာခဲ့သည်။

ပူတင်နဲ့ ယူကရိန်းဒေသထဲက ခွဲထွက်ရေးခေါင်းဆောင်များ (AP)

ယူကရိန်းသည် နေတိုးစစ်စာချုပ် မဟာမိတ်အဖွဲ့ဝင်ထဲသို့ ပါဝင်မည့် အလားအလာသည် ၎င်း၏အနီရောင် မျဉ်းထဲ မှ တစ်ခုဖြစ်ကြောင်း ပူတင်က ယခင်ကတည်းက ထပ်တလဲလဲ ပြောကြားခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ပူတင်သည် ၎င်း၏ ကျူးကျော်စစ်ကို မျှတမှုတစ်ခုအဖြစ် ပြောကြားခဲ့ရာ ထိုစစ်သည် ဥရောပမြေပေါ်၌ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အကြီးဆုံး စစ်ရေးပဋိပက္ခအဖြစ် ၈ လတိုင်ခဲ့ပြီဟု သိရသည်။

၎င်း၏မိန့်ခွန်းထဲတွင် ပူတင်က ယူကရိန်းကို ငြိမ်းချမ်းရေးဆွေးနွေးမှုစားပွဲသို့ ထိုင်ရန် တိုက်တွန်းခဲ့သော်လည်း မိမိ သိမ်းပိုက်ပြီးဖြစ်သည့် နယ်မြေများ ပြန်လည်ပေးအပ်ရေး ဆွေးနွေးမည်မဟုတ်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

အလားတူ ဇာလန်းစကီးကလည်း ပူတင်နှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်မည်မဟုတ်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

“ရုရှားနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမယ့် ရုရှားရဲ့ နောက်ထပ် တခြား သမ္မတ တစ်ယောက်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

Source: AP