CNI International News

မော်စကို၊ အောက်တိုဘာ ၄

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အနီးကပ်မဟာမိတ်ဖြစ်သော ချေချင်းညှာခေါင်း‌ဆောင် ရမ်ဇန်ကဒီရော့ဗ် (Ramzan Kadyrov) က ၎င်း၏ဆယ်ကျော်သက်အရွယ် သား ၃ ယောက်ကို ယူကရိန်းရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်မြေပြင်တွင် ဆက်တိုက်ရှုံးနိမ့်ခဲ့သော မော်စကိုဘက်မှ စစ်ခေါင်းဆောင်များကိုလည်း ယခင်လ၌ ၎င်းက အပြစ်တင် ဝေဖန်ခဲ့သည်။

ယူကရိန်းသို့ တိုက်ခိုက်နေသည့် ၎င်း၏ကိုယ်ပိုင်တပ်ဖွဲ့ကို တစ်ချိန်တည်းတွင် ရမ်ဇန်ကဒီရော့ဗ်က စီမံကွပ်ကဲ လျက်ရှိသည်။ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားတပ်များ၏ တပ်မှူးထံသို့ ဆုတံဆိပ်များ ဖယ်ရှားပြီး တိုက်ပွဲဝင်ရန် အတွက် ရှေ့တန်းစေလွှတ်ရေးကိုလည်း ကဒီရော့ဗ်က အစောပိုင်းတွင် တောင်းဆိုခဲ့သေးသည်။

ရုရှားတပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်အလက်ဇန္ဒားလာပင် (Alexksandr Lapin) သည် သာမန်အဆင့်သာ ရှိသူဟု ကဒီရော့ဗ်က ဝေဖန်ခဲ့သည်။

ယူကရိန်းစစ်မြေပြင်က ရုရှားစစ်သားများ (GETTY IMAGES)

ယူကရိန်းအရှေ့ပိုင်း စစ်ဗျူဟာအရ အရေးပါသော လေမန် (Lyman) မြို့မှ ရုရှားတပ်များ ဆုတ်ခွာခဲ့ရပြီးနောက် ချေချင်းညှာခေါင်းဆောင် ကဒီရော့ဗ်က ရုရှားတပ်ဖွဲ့ ခေါင်းဆောင်ပိုင်းကို ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့သည်။

တယ်လီဂရမ်ချန်နယ်တွင် ကဒီရော့ဗ်က စစ်မြေပြင်သို့ စေလွှတ်မည့် ၎င်း၏သားများဖြစ်ကြသော အသက် ၁၆ နှစ်ရှိ အက်ခမက် (Akhmat) ၊ အသက် ၁၅ နှစ်ရှိ အီလီ (Eli) နှင့် အသက် ၁၄ နှစ်ရှိ အဒမ်တို့၏ ဗွီဒီယိုဖိုင်များကို လွှင့်တင်ခဲ့သည်။

အဆိုပါသားများသည် နောက်ပိုင်းတွင် ဆက်သွယ်ရန် ခက်ခဲသည့်နေရာများသို့ ရောက်ရှိသွားတော့ မည်ဖြစ် ကြောင်း ကဒီရော့ဗ်က တယ်လီဂရမ်ချန်နယ်တွင် ရေးသားဖော်ပြခဲ့သည်။

၎င်းဆယ်ကျော်သက် ၃ ဦးသည် ငယ်ရွယ်စဉ်ကတည်းက တိုက်ခိုက်ရေးအတွက် လေ့ကျင့်သင်ကြားပြီးသူများ ဖြစ်ကြောင်း၊ အပြောင်အပြက်သဘောမျိုး ပြောဆိုခြင်း မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရမ်ဇန်ကဒီရော့ဗ်ရဲ့သားများကို တွေ့ရစဉ် (GETTY IMAGES)



“တကယ့်ကို တိုက်ပွဲတွေမှာ သူတို့အစွမ်းသတ္တိတွေ သက်သေပြဖို့ အချိန်တန်ပါပြီ။ ဒီလိုတိုက်ပွဲဝင်ချင်တဲ့ သူတို့ လေးတွေရဲ့ဆန္ဒကို ကျနော် ကြိုဆိုဖို့ပဲ ရှိပါတယ်” ဟု ကဒီရော့ဗ်က မှတ်ချက်ချခဲ့သည်။

၎င်းလွှင့်တင်သည် ဗွီဒီယိုဖိုင်ထဲတွင် အမျိုးသားငယ် ၃ ဦးတို့သည် စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး မျက်မှန် အညိုများ တပ်ဆင်ထားသည်။ ခါးတွင် သေနတ်ချိတ်၍ ဒုံးပစ်လောင်ချာများ၊ စစ်လက်နက်များ ကိုင်ဆောင်နေပုံ ကို ရိုက်ကူးထားကြောင်း တွေ့ရသည်။

တချို့ဗွီဒီယိုဖိုင်များတွင် ဆယ်ကျော်သက် အမျိုးသားငယ်များသည် လက်မထောင်ပြသည့် အမူအရာဖြင့် ပြုံးပြနေ သည်ကို တွေ့ရှိရသည်။

ကဒီရော့ဗ်သည် ယူကရိန်းသို့ ရုရှားကျူးကျော်ခဲ့မှုကို ပြတ်ပြတ်သားသား ထောက်ခံခဲ့သူများထဲမှ တစ်ဦးဖြစ်သည်။

ရုရှားသည် ဗျူဟာမြောက် အသေးစား နျူကလီးယား လက်နက်များ ထုတ်သုံးရန် စဉ်းစားသင့်ကြောင်းလည်း ၎င်းက အကြံပြုခဲ့သေးသည်။

Source: Aljazeera