CNI Article
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇
အမေရိကန်တွင် လာမည့် နိုဝင်ဘာလ၌ သမ္မတရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)သည် များပြားလှသည့် တရားမမှု စွဲချက်များ၊ ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်နေရသည့်တိုင် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အလားအလားရှိနေသည်။
လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် နောက်ထပ် သမ္မတသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
မဲဆန္ဒရှင်များကမူ ဘိုင်ဒန်၏ အသက်အရွယ်ကြောင့် သမ္မတအဖြစ် နောက်တစ်ကြိမ် တာဝန်ထမ်းဆောင်နိုင်ခြင်း ရှိ/မရှိကို စိုးရိမ်နေသော်လည်း လက်ရှိတွင် အမေရိကန်၏ ခိုင်မာတောင့်တင်းသည့် စီးပွားရေးစွမ်းဆောင်ရည် များကြောင့် ထိုစိုးရိမ်မှုများကို အနည်းငယ် ပြေလျော့စေခဲ့သည်။
နိုင်ငံတကာ အခင်းအကျင်းနှင့် နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးနေချိန်တွင် ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် တရုတ်၏ သြဇာလွှမ်းမိုးရေး ယှဉ်ပြိုင်မှု၊ အစ္စရေးနှင့် ဟားမာ့စ် ပဋိပက္ခ၊ ရုရှား-ယူကရိန်း ပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
ထို့ပြင် သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့ပါဝင်သည့် AUKUS အဖွဲ့နှင့် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ ဖွဲ့စည်းထားသည့် Quad အဖွဲ့များ၏ စီမံချက်များကြောင့် အာရှ-ပစိဖိတ် လုံခြုံရေးအခြေအနေ ပြောင်းလဲလာသည့် အချိန်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
ထရမ့်အနေနှင့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်မည့် အခြေအနေကို အာရှ-ပစိဖိတ်ဒေသရှိ အမေရိကန်၏ မဟာမိတ်များက စိုးရိမ်ပူပန်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်သည် နောက်တစ်ကြိမ် ပြန်လည် ရွေးကောက်ခံရနိုင်မည့် အလားအလား ရှိနေခြင်းကြောင့် ဖြစ်သည်။
အမေရိကန်သာ ပထမဆိုသော ကြွေးကြော်သံကိုတွေ့ရစဉ်
ထရမ့်သည် ရီပတ်ဘလစ်ကန်ပါတီ၏ ပြယုဂ်တစ်ခုဖြစ်နေပြီး ရွေးကောက်ပွဲအကြို လူထုသဘောဆန္ဒခံယူမှု စစ်တမ်းများတွင်လည်း ထရမ့်သည် ဘိုင်ဒန်နှင့် သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်သည့် ရလဒ်များ ထွက်ပေါ်နေသည်။
ထရမ့်၏ သမ္မတ ဒုတိယသက်တမ်းသည် ပထမသက်တမ်းထက် ပိုမိုပြင်းထန်ဖွယ် ရှိနေသည်။ ထရမ့်၏ မူဝါဒ များသည် ပြည်တွင်းရေးကို အဓိကထားသည်။
ထို့အတူ ဒီမိုကရက်များ၊ တိုးတက်ပြောင်းလဲရေးဝါဒီများ၊ မွတ်ဆလင်များ၊ ရွှေ့ပြောင်းနေထိုင်သူများကို နှိပ်ကွပ် မည်ဆိုပါက ၎င်းအား ထောက်ခံသူများ၏ မဲများကို တစ်ခဲနက် ရရှိလိမ့်မည်ကို ထရမ့်က သိရှိနားလည်ထားသည်။
ထရမ့်သည် ၎င်းအား သစ္စာခံသူများကို အစိုးရအဖွဲ့၏ ရာထူးနေရာများတွင် ခန့်ထားမည်ဟုလည်း မကြာခဏ ကတိပြုခဲ့သည်ဟု ဆိုသည်။
သူကိုယ်တိုင်ကလည်း ပြည်တွင်းရှိ သူ့ ပြိုင်ဘက်များကို နှိမ်နင်းနိုင်မည့် ဖက်ဒရယ်အာဏာကို မည်သို့ အသုံးပြု ရမည်ဆိုသည့် အန္တရာယ်များသော အတွေးအမြင်များကို ချပြနိုင်မည့်သူများကို သူ့အနီးတွင် ခေါ်ထားရန် အစီအစဉ်များရှိကြောင်း စွပ်စွဲခံထားရသည်။
ပထမသမ္မတသက်တမ်းနှင့် မတူညီသည့်အချက်မှာ ၎င်း၏ ကံကြမ္မာသည် အမေရိကန်၏ အဓိက အင်စတီကျူး ရှင်းများကို ပြတ်သားစွာ ဆန့်ကျင်ရန် ၎င်း၏ လုပ်နိုင်စွမ်းများအပေါ် မူတည်နေသည့် အချက်ကို သိရှိနားလည် သွားခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ရန်အတွက်လည်း ထရမ့်တွင် ၎င်း၏ အထူးနိုင်ငံရေး အဖွဲ့ရှိထားသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က လွှတ်တော်ကို ဝင်ရောက်စီးနင်းပြီး အမေရိကန်၏ ဒီမိုကရေစီကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းမှု မအောင် မြင်ခဲ့ပြီးနောက် ထရမ့်သည် သမ္မတအုပ်ချုပ်ရေး အမိန့်ဖြင့် ထိုအခြေအနေကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းဖွယ် ရှိသည်။
အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ သံခင်းတမန်ခင်း ဆက်ဆံရေး၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒများ သည် ဖက်ဒရယ်အစိုးရအပေါ်တွင် မူတည်နေသည်။
ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အကြား ရင်းနှီးမှုများကြောင့် ထရမ့်သည် ပုဂ္ဂိုလ်ရေး အရ ယူကရိန်းကို စွန့်လွှတ်ဖွယ် ရှိနေသည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဘိုင်ဒန်ကို တွေ့ရစဉ်
ဥရောပနှင့်ပတ်သက်ပြီး ထရမ့်အတွက် ရွေးချယ်စရာ များပြားလှသည်။ ထရမ့်အနေနှင့် အမေရိကန်ကို နေတိုး အဖွဲ့ထဲက ဆွဲထုတ်ခြင်း၊ ယူကရိန်းအတွက် စစ်ရေးအကူအညီများကို ရပ်တန့်လိုက်ခြင်း အစရှိသည့် အခြေအနေ များလည်း ဖြစ်လာနိုင်သည်။
ထရမ့်သည် အာရှ-ပစိဖိတ်ဒေသတွင်လည်း ပိုနေမြဲ ကျားနေမြဲ သို့မဟုတ် ရှိရင်းစွဲအခြေအနေကို ဆက်လက် ထိန်းသိမ်းရန် ကတိပြုနိုင်ခြေမရှိပေ။
အဘယ်ကြောင့်ဆိုသော် ထရမ့်သည် အာရှ-ပစိဖိတ်ဒေသအရေးကို မည်မျှ အရေးတယူ ကိုင်တွယ် ဆောင်ရွက် လိမ့်မည်ဆိုခြင်းကို ရှင်းလင်းတိကျစွာ မသိရသေးခြင်းကြောင့် ဖြစ်သည်။
ထို့ပြင် အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် ထရမ့်၏ အရှေ့အလယ်ပိုင်း မူဝါဒကို ရှုပ်ထွေးသွားစေနိုင်သော်လည်း ထရမ့်သည် ထိုပဋိပက္ခအတွက် အဖြေရှာရန် အစ္စရေး၏ တစ်ယူသန်သည့် အစွန်းရောက်အင်အားစုနှင့် ပူးပေါင်းသွားဖွယ်ရှိနေသည်။
ထိုအခြေအနေများထဲတွင် ဂါဇာဒေသပဋိပက္ခ၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း (West Bank) ဒေသတွင် ဂျူးရပ်ကွက်များ တည်ဆောက်မှုကြောင့် အကြမ်းဖက်မှုများ မြင့်တက်လာမှု၊ ပါလက်စတိုင်း အရပ်သားများ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ အစ္စရေး-ပါလက်စတိုင်းနှစ်ပြည်ထောင် တူယှဉ်တွဲနေထိုင်မှုကို အဆုံးသတ်စေသည့် ဖြေရှင်း ချက်များလည်း ပါဝင်နေသည်။
ထိုအခြေအနေများထဲမှ တစ်စုံတစ်ခု လွဲချော်သွားခဲ့မည်ဆိုပါက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအကြား ဆက်ဆံရေး ကတောက်ကဆတ် ဖြစ်စေနိုင်မည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒမှာမူ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် သဟဇာတဖြစ်မှု၊ မျှတမှု ရှိနေသည်ကို တွေ့ရသည်။
ဘိုင်ဒန်သည် နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းများအပေါ် ယုံကြည်ချက်ရှိသည်။ အမေရိကန်သည် အမေရိကန် ပြည်သူများအတွက် လုံခြုံရေးနှင့် ချမ်းသာသုခကို ရရှိစေရန် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတစ်ခုကို ထူထောင်ခဲ့ ထားကြောင်း ဘိုင်ဒန်က သိရှိနားလည်ထားသည်။
ထို့ပြင် ဘိုင်ဒန်သည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး အခြေအနေတွင် အလွန်ခက်ခဲသည့် အနေအထားမျိုး၌ပင် အမေရိကန်နိုင်ငံကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ခဲ့သည်။
ထို့ကြောင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများက စိုးရိမ်နေသည့်ကြားထဲမှ ထရမ့်သာ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက အမေရိကန်၏ မူဝါဒအပြောင်းအလဲသည် အဆိုးဘက်သို့လော သို့မဟုတ် အကောင်းဘက်သို့လော ဆိုသည့် အခြေအနေကို မြင်တွေ့ရမည်ဖြစ်သည်။
Source: Asia Times