CNI International Article
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၂
ယူကရိန်းတွင် တိုက်ခိုက်နေသော ရုရှားစစ်သားများကို စစ်ဦးစီးချုပ် ဗယ်လ်လာရီ ဂီရာဆီမော့ဗ်က ကွပ်ကဲတော့မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဌာနက ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။
ဗိုလ်ချုပ်ကြီး ဆာဂျီဆူရိုဗီကင်၏ နေရာတွင် အစားထိုးလိုက်ခြင်းဖြစ်ကာ ဆူရိုဗီကင်သည် ဂီရာဆီမော့ဗ်၏ လက်ထောက်အဖြစ် ပြောင်းလဲ တာဝန်ယူရမည် ဖြစ်သည်။ ထိုအပြောင်းအလဲကြောင့် စစ်မြေပြင်တွင် တိုးတက်မှု မရှိခြင်းက ရုရှားအစိုးရအတွင်း အမျက်ဒေါသ ထွက်မှုများ ရှိနေပြီဆိုသည့် ခန့်မှန်းချက်များလည်း ပေါ်ထွက်လာသည်။
ဆူရိုဗီကင်သည် အတော်ဆုံး ရုရှားတပ်မှူးများမှ တစ်ဦးအဖြစ် ရုရှားနှင့်ယူကရိန်း စစ်သားများ၏ အသိအမှတ်ပြု ခြင်းကို ခံထားရသူ ဖြစ်သည်။ ဆူရိုဗီကင်သည် ပိတ်ဆို့ထားသော ခါဆန်မြို့ကို ဝိုင်းထားခြင်းသည် ရှုံးနိမ့်မှု တစ်ခု ဟု ယူဆကာ ယင်းကိုစွန့်လွှတ်ရန် ပူတင်ကို စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။
ပူတင်က ထိုမြို့ကို ရုရှားထိန်းချုပ်မှု အောက်တွင်သာ ရှိချင်သော အခြေအနေတွင် ဖြစ်သည်။ ဖိအားများအောက် တွင် တပ်များ ပြန်ဆုတ်ရန်ကိစ္စမှာ ခက်ခဲသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သော်လည်း ဆူရိုဗီကင်က ယင်းကို အထိအခိုက် သေဆုံးမှု အနည်းဆုံး ဖြစ်အောင် စီမံနိုင်ခဲ့သည်။
ထို့အပြင် နောက်ထပ် အရေးပါသော မြို့ဖြစ်သည့် ဘတ်မုမြို့တွင်လည်း ဆူရိုဗီကင်က တပ်အင်အား တောင့်တင်း ခိုင်မာစေရေးကို အာရုံစိုက် ဆောင်ရွက်ခဲ့သည်။
ယူကရိန်းနိုင်ငံအတွင်းက အဆောက်အအုံ လက်နက်ကြီးမှန်ပျက်စီးမှုနဲ့ စစ်သားတစ်ဦးကိုတွေ့ရစဉ်
၎င်းက တောင်ဘက်ပိုင်းတွင် ဆူရိုဗီကင်လိုင်းဟု ခေါ်သော ကာကွယ်ရေးကို စတင်ခဲ့ပြီး ယခုနှစ် ထိုးစစ် မတိုင်ခင် ရောက်ရှိလာမည့် ရွှေ့ပြောင်းအရန် တပ်ဖွဲ့ဝင်များအတွက်လည်း မြေပြင်တွင် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။
ထို့နောက် ဆူရိုဗီကင်သည် ယူကရိန်း၏ စွမ်းအင်၊ ရေနှင့်ပတ်သက်သော အခြေခံ အဆောက်အဦများ အပေါ် ဗုံးကြဲ တိုက်ခိုက်မှုများလည်း ဦးစီးဆောင်ရွက်ခဲ့သည်။ ယူကရိန်းပြည်သူများ စိတ်ဓာတ် ပျက်ပြားစေရန်၊ အရင်းအမြစ် များကို အသုံးပြု၍ မရစေရန်နှင့် ဥရောပတွင် ဒုက္ခသည်များ ပို၍ များပြားလာစေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းသည် ထူးချွန်သူဟု သတ်မှတ်နိုင်သည်။ သို့သော် ပူတင်အတွက် လုံလောက်မှု မရှိပေ။ ဆူရိုဗီကင် ၏ လုပ်ဆောင်ချက်များက စစ်မြေပြင်တွင် အောင်ပွဲကို ရယူပေးနိုင်ခြင်း မရှိခဲ့သည့်အပြင် ယူကရိန်းသားများ၏ ခုခံလိုစိတ်ကိုလည်း မဖျက်ဆီးနိုင်ခဲ့ပေ။
နှစ်သစ်ကူးနေ့ ရုရှားစစ်စခန်း တစ်ခု ဒုံးကျည် ထိမှန်ခဲ့ခြင်းကလည်း ဆူရိုဗီကင် ကျဆုံးမှုအတွက် လောင်စာ ဖြစ်ခဲ့ သည်။ ယင်းတွင် ရုရှားစစ်သည်များစွာ သေဆုံးခဲ့ရသည်။
ထိုကိစ္စသည် ဆိုရိုဗီကင်မှာ တိုက်ရိုက် တာဝန်ရှိသည်ဟု သတ်မှတ်ရန် ခက်ခဲသော်လည်း ထိုအခြေအနေက ယူကရိန်းဘက်မှ ပစ်ခတ်မှုများကို ကြိုတင် မခန့်မှန်းနိုင်ခဲ့သည့် ရုရှားအရာရှိများ၏ ညံ့ဖျင်းမှု ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ပူတင်သည် အပြစ်ပုံချရမည့်သူတစ်ဦး အလိုရှိခဲ့ပြီး ဆူရိုဗီကင်က တရားခံဖြစ်ခဲ့သည်။ ထိုအခြေအနေအားလုံးက ရုရှားသည် စစ်ပွဲကို နိုင်ငံရေးကဲ့သို့ ဆောင်ရွက်နေကြောင်း ဖော်ပြနေသည်။
ပူတင်၏ နိုင်ငံရေးစနစ် တစ်ခုလုံးသည် နိုင်လိုစိတ်ပြင်းပြကာ အချင်းချင်း ချနင်းသည့်ပုံစံမျိုး ဖြစ်သည်။
ဆူရိုဗီကင်နဲ့ ဒုံးကျည်ပစ်ခတ်မှုကိုတွေ့ရစဉ်
တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ပဋိပက္ခဖြစ်ရန် တွန်းအားပေးထားသည်။ ထိုမှသာလျှင် ပူတင်အနေ ဖြင့် ကြီးမြတ်သော ဆုံးဖြတ်နိုင်သူဆိုသည့် အခန်းကဏ္ဍတွင် ရှိနေမည်ဖြစ်သည်။
အားလုံးသည် ပူတင်၏ ပစားပေးမှုကို ရရှိရန် ကြိုးပမ်းရပြီး ၎င်း၏ အာဏာတည်မြဲရေးအတွက် မည်သူ့ကို နေရာ ပေးရမည်၊ မည်သူ့ကို အပြစ်ပေးရမည် ဆိုသည်ကိုလည်း ပူတင်က ရွေးချယ်မည်ဖြစ်သည်။
ယင်းက နိုင်ငံရေးတွင် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း စစ်ပွဲတွင် ကွဲပြားသော အဓိပ္ပါယ်ကို သက်ရောက် စေခဲ့သည်။ ဆူရိုဗီကင်သည် ပူးပေါင်းတပ်ဖွဲ့၏ တပ်မှူးဆိုသည့် ဂုဏ်ပုဒ်ကို ရရှိခဲ့သော်လည်း ၎င်းလက်အောက် တွင် ကွဲပြားနေသော တပ်ဖွဲ့များကို စုစည်းကာ ညီညွတ်သော တပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန်အတွက် လိုအပ်သော နိုင်ငံရေး နောက်ခံ အင်အားကို ပူတင်က ၎င်းအပေါ် ပေးခဲ့ခြင်း မရှိပေ။
ဆူရိုဗီကင်သည် ချေချင်းညာတပ်ဖွဲ့များ၊ Wegner မှ ကြေးစားစစ်သည်များအပေါ် ထိန်းချုပ်ခွင့် မရခဲ့ခြင်းဖြစ် သည်။
ထိုအခြေအနေက ဆူရိုဗီကင်အတွက် စစ်ပွဲအတွင်း အောင်မြင်မှု ရရှိနိုင်ရန် အခွင့်အလမ်းကို နည်းပါးစေခဲ့သည်။
ပူတင်ဝါဒ၏ ဒုတိယ လက္ခဏာ သွင်ပြင်မှာ ပြဿနာတစ်ခုကို အောင်မြင်မှုအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် သူရဲကောင်း ခေါင်းဆောင်များအပေါ် များစွာအာရုံစိုက်ခြင်းကြောင့် ဆူရိုဗီကင် အနေဖြင့် အထက်ပါ အခြေအနေ များတွင် ၎င်း၏ရာထူးကို ပေးဆပ်လိုက်ရခြင်း ဖြစ်သည်။
အနီးအနားရှိ ခရိုနီများနှင့် ပြောသမျှ ခေါင်းညိတ်လက်ခံသူများ၏ အားပေးအားမြှောက် လုပ်ဆောင်ခြင်းကြောင့် ပူတင် အနေဖြင့် ၎င်းသည် ပြုပြင်ပြောင်းလဲ နိုင်စွမ်းရှိသူ ခေါင်းဆောင်တစ်ဦး အနေဖြင့် ကိုယ့်ကိုယ်ကို အထင် ရောက် နေဖွယ် ရှိသည်။
ယင်းက အောင်မြင်မှုရှိလျှင် ငါတော်သောကြောင့်၊ ကျရှုံးလျင် တခြားသူများ အသုံးမကျသောကြောင့် ဆိုသော မေးခွန်းထုတ်ဖွယ် အခြေအနေတစ်ရပ်ကိုလည်း ဖြစ်စေသည်။
ယူကရိန်းစစ်သားများက ရုရှားကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်
ပူတင်၏ မျှော်မှန်းချက်များသည် ဖိအားများလာလေ၊ ပို၍လက်တွေ့ မဆန်လာလေ ဖြစ်သည်။
၎င်းအပေါ်သစ္စာရှိသော စက်မှုဝန်ကြီး ဒန်းနစ်မန်တူရော့ဗ်၏ ဖြစ်ရပ်သည် အကောင်းဆုံး ဥပမာပင် ဖြစ်သည်။
ပြည်တွင်းရှိ လေယာဉ်ထုတ်လုပ်မှုများ ကြန့်ကြာမှုအတွက် မန်တူရော့ဗ်သည် လူသိရှင်ကြား ဝေဖန်ပြစ်တင် ခံခဲ့ရသည်။
ပိတ်ဆို့ အရေးယူမှုများကြောင့် စက်ပစ္စည်း အစိတ်အပိုင်းများကို ဝယ်ယူရန် အခက်အခဲရှိကြောင်း ၎င်းက ရှင်းပြခဲ့ သော်လည်း ပူတင်က လက်မခံဘဲ ၎င်းကို ထုတ်ပယ်ခဲ့သည်။
ရေဗူးပေါက်တာ မလိုချင်၊ ရေပါတာသာ လိုချင်သည်ဆိုသည့် သဘောပင်။ စစ်ပွဲနှင့်ပတ်သက်၍ ကြီးမားသော အတွေ့အကြုံပိုင်း အားနည်းကာ ရှုပ်ထွေးသော ခေတ်သစ် အခြေအနေများနှင့် ဝေးကွာနေသော ပူတင်သည် ဆူရိုဗီကင်နှင့်ပတ်သက်၍ လက်တွေ့မကျသော မျှော်လင့်ချက်များ ထားရှိခဲ့ပုံရသည်။
စိန်ခေါ်မှုများ၏ အတိမ်အနက်ကို သဘောပေါက်ခြင်း မရှိဘဲ တာဝန်ရှိသူကို အပြစ်တင်ခြင်း ဖြစ်သည်။ ဆူရိုဗီကင် သည် တိုက်ပွဲတွင် ဆက်ရှိနေပြီး ပူးတွဲအဖွဲ့၏ တပ်မှူးအသစ် ဗိုလ်ချုပ်ကြီး ဂီရာဆီမော့ဗ်၏ လက်အောက်ရှိ တပ်မှူး သုံးဦးအနက်မှ တစ်ဦးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
ယင်းက ဆူရိုဗီကင်အတွက် ရာထူးချခံရခြင်းမျိုး မဟုတ်ဘဲ ပိုများသော တာဝန်များအတွက် ပို၍ရာထူးကြီးသော တပ်မှူးကို တာဝန်ပေးခြင်းဟု ရုရှားဘက်က သတ်မှတ်သော်လည်း လက်ရှိ အခြေအနေက ဆူရိုဗီကင်အတွက် သာမက ဂီရာဆီမော့ဗ် အတွက်လည်း ရာထူးချခံရခြင်းနှင့် ပတ်သက်သော သက်ရောက်မှုများပင် ဖြစ်သည်။
တိုင်းပြည်၏ စစ်ဦးစီးချုပ်ကို စစ်မြေပြင်တွင် တာဝန်ပေးခြင်းမျိုးသည် အင်မတန် ရှားပါးသော ဖြစ်စဉ်ဖြစ်ရုံမက ၎င်းကို ခက်ခဲသော နေရာသို့ ပြောင်းရွှေ့ခြင်းလည်း ဖြစ်သည်။
ဆူရိုဗီကင်နဲ့ ရုရှားစစ်ဘက်ဆိုင်ရာ အရာရှိကြီးများကို တွေ့ရစဉ်
ရုရှားသည် နောက်ကွယ်တွင် ပြင်ဆင်ထားသော အရံတပ်ဖွဲ့ဝင် ၁၅၀၀၀၀ ကို အသုံးပြုကာ ယခုနှစ် အစောပိုင်း၌ ထိုးစစ်ဆင်မှု အသစ်တစ်ရပ် ပြုလုပ်ရန် ပြင်ဆင်နေသည်ကို ယခင်ကတည်းက သိရှိခဲ့ရပြီး ဖြစ်သည်။
တပ်ဖွဲ့ဝင် အင်အားသည် တောင့်တင်းသည်မှာ မှန်သော်လည်း ယူကရိန်း ဘက်တွင်လည်း တပ်ကို ပြန်လည် ဖွဲ့စည်းမှု၊ အနောက်အုပ်စုမှ ထောက်ပံ့သော လက်နက်များ တပ်ဆင်မှုများကြောင့် ရုရှားအနေဖြင့် အလွယ်တကူ အောင်မြင်မှု ရရှိမည်တော့ မဟုတ်ပေ။
ရာထူးတည်မြဲမှုသည် ပူတင်၏ မြင့်မားသော မျှော်လင့်ချက်များ ပြည့်မှီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း ရှိမရှိနှင့် ပတ်သက်နေသည့်အတွက် ဂီရာဆီမော့ဗ်သည်လည် ၎င်း၏ စစ်ရေး လုပ်ဆောင်ချက်များကို မြှင့်တင်ဆောင်ရွက် လာမည်မှာ သေချာသည်။
ရုရှားအနေဖြင့် နျူကလီးယား လက်နက်များပါ အသုံးပြုနိုင်ကြောင်း စိုးရမ်မှုများ ရှိနေသော်လည်း ထိုသို့သော အခြေအနေမျိုးမှာ ဖြစ်လာနိုင်ခြေ နည်းပါးသည်။ စစ်ပွဲတွင် ပါဝင်လာရန် ဘီလာရုစ်သမ္မတကို စည်းရုံးခြင်းနှင့် ရုရှားတပ်များကို တိုးချဲ့ခြင်း စသည်တို့တော့ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ယူဆရသည်။
ယင်းက ဂီရာဆီမော့ဗ်၏ ရာထူးအတွက် အရေးပါသော နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များလည်း ဖြစ်သည်။ ဘီလာရုစ်သမ္မတ လူကာရှန်ကိုက စစ်ပွဲတွင် တိုက်ရိုက် ပါဝင်ပတ်သက်လိုခြင်း မရှိကြောင်း ပြသထားသည်။
စစ်မြေပြင်သို့ အသစ်ရောက်ရှိလာသော အရန်တပ်ဖွဲ့များနှင့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်ထဲရောက်ရှိ လာသူများသည် လက်ရှိအချိန်အထိ တိုက်ခိုက်ရေး အတွေ့အကြုံ မရှိကြသေးရုံမက ယင်းသည် ပြည်တွင်း၌ လူကြိုက်များသော ကိစ္စလည်း မဟုတ်ပေ။
ပူတင်သည် ရုရှားလူ့အဖွဲ့အစည်းနှင့် စီးပွားရေးကို စစ်ပုံသွင်း အုပ်ချုပ်နေသော်လည်း နောက်ဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အစိုးရအဖွဲ့တစ်ခု၏ အန္တာရယ်ကိုလည်း ရှင်းရှင်းလင်းလင်း သတိပြုမိသည်။ ဆူရိုဗီကင်အား နောက်ပို့လိုက်ခြင်းသည်လည်း ထိုသို့သော အခြေအနေများအတွက် ၎င်းကို ထိုးကြွေးကာ အသုံးချလိုက်ခြင်း ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေရေး ဂီရာဆီဗော့ဗ်ကို စစ်မြေပြင်တွင်ကွပ်ကွဲရန် တာဝန် ပေးခဲ့သော်လည်း ချေချင်းညာနှင့် ကြေးစား တပ်ဖွဲ့များအပေါ် ပူတင်၏ သဘောထား ပြောင်းလဲမှု မပြုလုပ်လျှင် စစ်မြေပြင်တွင်လည်း မည်သည့် ပြောင်းလဲမှုမှ ပေါ်ပေါက်လာမည် မဟုတ်ပေ။
ကြေးစားတပ်ဖွဲ့ကို ထိန်းချုပ်ထားသော စီးပွားရေးသမား ပရီဂေါ့ဟင်က ဂီရာဆီဗော့အား အထင်မကြီးကြောင်း ပြောခဲ့သော်လည်း ရုရှားအစိုးရဘက်က ယင်းအပေါ် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိပေ။
ဂီရာဆီမော့ဗ်သည် ရာထူးကြီးသူ ဖြစ်သော်လည်း ပူတင်ကသာ နိုင်ငံရေးအရ စွန့်စားမှုနှင့် လိုအပ်သော ထောက်ပံ့ မှု မလုပ်လျှင် ၎င်းသည်လည်း စစ်မြေပြင်မှာ အောင်မြင်မှုများနှင့် ဝေးကွာနေဦးမည် ဖြစ်သည်။
ထို့ကြောင့် ယခုတစ်ခေါက် ဂီရာဆီဗော့ဗ် မအောင်မြင်ခဲ့လျှင် ထိုကိစ္စ နှင့်ပတ်သက်၍ အပြစ်တင်ရမည့်သူမှာ ပူတင် သာပင်ဖြစ်သည်။
Source: Aljazeera