CNI International News

ဝါရှင်တန် ၊ ဇူလိုင် ၅

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က ရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲတွင် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်နေချိန်၌ ဘိုင်ဒန်သည် ရွေးကောက်ပွဲမှ နုတ်ထွက်ဖွယ် ရှိသည်ဟု ပြိုင်ဘက်ဖြစ်သူ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ထို့နောက် ဘိုင်ဒန်၏ နေရာတွင် ဒုတိယသမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris) ကို အစားထိုးယှဉ်ပြိုင် စေလိမ့်မည်ဟု သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ပြောသည်။

“သူ (ဘိုင်ဒန်) ထွက်ကာနီးနေပါပြီး၊ သူဒီပြိုင်ပွဲက ထွက်တော့မှာပါ။ သူ့ကို ကျနော် ပြိုင်ပွဲက ထုတ်ခဲ့တာပါ။ သဘောကတော့ သူ့နေရာမှာ ကာမယ်လာဟားရစ် ဝင်ပြိုင်မယ့် သဘောပါပဲ ”ဟု ထရမ့်က ပြောကြားခဲ့ကြောင်း Daily Beast သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဟားရစ်နှင့် ယှဉ်ပြိုင်ခြင်းသည် သူ့အတွက် ပိုပြီး လွယ်ကူလိမ့်မည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

 ဒေါ်နယ်ထရမ့်နဲ့ ဘိုင်ဒန်ကို တွေ့ရစဉ်

ထရမ့်သည် ဟားရစ်ကို ပျော့ညံ့သူ တစ်ဦးအဖြစ် ရှုမြင်ထားသူ ဖြစ်သည်။

ဇွန်လ ၂၇ ရက်က ဂျော်ဂျီယာ (Georgia) ပြည်နယ်၊ အတ္တလန္တာ (Atlanta) မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ သည့် စကားစစ်ထိုးပွဲကို ကြည့်ရှုခဲ့သူ စုစုပေါင်းအနက် ၆၇ ရာခိုင်နှုန်းက ထိုစကားစစ်ထိုးပွဲတွင် ထရမ့်က အသာစီး ရခဲ့ကြောင်း ယူဆခဲ့ကြသည်ဟု CNN ၏ စစ်တမ်း၌ ဖော်ပြခဲ့သည်။

ဘိုင်ဒန်၏ စွမ်းဆောင်ရည်များ ဆိုးရွားခဲ့ခြင်းကြောင့် ဒီမိုကရက်အချို့သည် ထိတ်ထိတ်ပျာပျာ ဖြစ်နေသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ထို့နောက် ဒီမိုကရက်တစ်ပါတီအတွင်းမှာ ဘိုင်ဒန်ကို သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှု မလုပ်ရန် ဖိအားပေးလျက်ရှိနေသည်။

အမေရိကန်တွင် ယခုနှစ် နိုဝင်ဘာ ၅ ရက်နေ့၌ သမ္မတရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ထရမ့်သည် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ရန် ရီပတ်ဘလစ်ကန်များထံမှ ထောက်ခံမဲများကို လုံလောက်စွာ ရရှိထားခဲ့ပြီးဖြစ်သည်။

Source: တာ့စ်