CNI International News

နယူးဒေလီ၊ ဒီဇင်ဘာ ၃

အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သော အိန္ဒိယ၏ K-4 ဒုံးကျည်က တရုတ်အတွက် သတိပေးချက် ဖြစ်လာခဲ့ သည်ဟု Asia Times မှ ဖော်ပြခဲ့သည်။

အိန္ဒိယ၏ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်အင်အားသည် ပိုမိုခေတ်မီ တိုးတးက်လာပြီး ရေငုပ် သင်္ဘောမှ ပဲ့ထိန်းဒုံးကျည်သစ်တစ်စင်း စမ်းသပ်ပစ်လွှတ်မှုနှင့်အတူ အိန္ဒိယသမုဒ္ဒရာတွင် တရုတ်၊ ပါကစ္စတန်တို့ နှင့် အားပြိုင်မှုကို မြင့်တက်လာစေခဲ့သည်။ 

NS Arighat အမည်ရှိ အိန္ဒိယ၏ ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းစနစ်တပ် ရေငုပ်သင်္ဘော (SSBN) သည် K-4 SLBM ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ပြီးခဲ့သည့်လက အိန္ဒိယ သုတေသန ကာကွယ်ရေးဌာန (IDRW) က ထုတ်ပြန်ခဲ့သည်။

K-4 SLBM သည် ကီလိုမီတာ ၃၅၀၀ အကွာအဝေးအထိ ပျံသန်းနိုင်ပြီး ကီလိုမီတာ ၇၅၀ အထိသာ ပျံသန်းနိုင်သည့်  K-15 ဒုံးကျည်ကို အဆင့်မြှင့်တင်မွမ်းမံပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒုံးကျည်စမ်းသပ်မှုသည် အိန္ဒိယ၏ နျူကလီးယား တိုက်ခိုက်ရေး စွမ်းဆောင်ရည်ကို မြင့်တက်စေပြီး ရေအောက် မဟာဗျူဟာတပ်ဖွဲ့များအား SLBM အမျိုးအစား တာဝေးပစ် ဒုံးကျည်များ တပ်ဆင်ပေးနိုင်ရေးအတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု IDRW က ထုတ်ပြန်ခဲ့သည်။

K-4 ဒုံးကျည် စမ်းသပ်မှုများကို ရေပေါ် ပလက်ဖောင်းများတွင် ပြုလုပ်ခဲ့ပြီးဖြစ်ပြီး နောက်ဆုံး စမ်းသပ်မှု၌  ရေငုပ် သင်္ဘောမှတဆင့် ပစ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။

အိန္ဒိယ၏ K-4 ဒုံးကျည် ပစ်လွှတ်နေသည်ကို တွေ့ရစဉ်

K-5 SLBM ဒုံးကျည်ကိုမူ ထုတ်လုပ်နေဆဲဖြစ်ပြီး ထိုဒုံးကျည်သည် ကီလိုမီတာ ၅၀၀၀ ကျော်အထိ ပျံသန်းနိုင် သဖြင့် အိန္ဒိယ၏ မဟာဗျူဟာမြောက် စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

လက်ရှိ K-4 ဒုံးကျည်၏ စွမ်းဆောင်ရည်များသည် Agni-III တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBM) အမျိုးအစားနှင့် ဆင်တူနေကြောင်း Bulletin of Atomic Scientists အဖွဲ့၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလထုတ် ဆောင်းပါးတစ်ပုဒ် တွင် ကျွမ်းကျင်သူ ဟန်းစ် ကရစ်တန်ဆန် (Hans Kristensen) နှင့် အခြားစာရေးဆရာများက ရေးသားခဲ့သည်။

အိန္ဒိယ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတးက်ရေးအဖွဲ့ (DRDO) သည် K-4 ဒုံးကျည်ကို ချွတ်ယွင်းချက် အနည်းဆုံး ဖြစ်စေရန် ဖန်တီးထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ကရစ်တန်ဆန်က ပြောကြားခဲ့သည်။

ထိုဒုံးကျည်သည် ဘင်္ဂလားပင်လယ်အော် မြောက်ဘက်ရှိ ပါကစ္စတန်နှင့် တရုတ်ခံတပ်များကို ပစ်ခတ်တိုက်ခိုက် နိုင်စွမ်းရှိသည်ဟုလည်း ကရစ်တန်ဆန်နှင့် ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားခဲ့သည်။

Source:  Asia Times