CNI International News
ဟောင်ကောင်၊ ဒီဇင်ဘာ ၃
ဟောင်ကောင်မီဒီယာ လုပ်ငန်းရှင်ဟောင်းဖြစ်သည့် ဂျင်မီလိုင် (Jimmy Lai Chee-ying) က ထိုင်ဝမ်အရေးတွင် အမေရိကန်၏ အကူအညီကို ရယူရန် ကြိုးပမ်းခဲ့ကြောင်းနှင့် CIA ထံမှ အကူအညီ မတောင်းခံခဲ့ကြောင်း ပြောကြား ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
လိုင်သည် တရားရုံးတွင် အမျိုးသားလုံခြုံရေး စွဲချက်ဖြင့် ကြားနာစစ်ဆေးမှု ခံယူနေရသည့် ၈ ရက်မြောက်နေ့ ဖြစ်သော ဒီဇင်ဘာ ၂ ရက်၌ ထိုကဲ့သို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
အသက် ၇၇ နှစ်အရွယ် လိုင်သည် ၂၀၂၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေအောက်တွင် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်မှုစွဲချက် ၂ ခု၌ အပြစ်မရှိကြောင်း လျှောက်လှဲခဲ့သည်။
ထို့ပြင် နောက်ထပ် တရားရုံး တစ်ခုတွင်လည်း ဟောင်ကောင်၏ ကိုလိုနီခေတ်က ထုတ်ပြန်ထားသည့် ဥပဒေကို ချိုးဖောက်ပြီး ခွဲထွက်ရေး သတင်းများ ရေးသားဖြန့်ချိရန် လျှို့ဝှက်ပူးပေါင်း ကြံစည်မှုစွဲချက်ကိုလည်း အပြစ် မရှိကြောင်း လိုင်က ထွက်ဆိုခဲ့သည်။
ဒီဇင်ဘာ ၂ ရက်က အနောက်ကောင်းလွန်းတရားရုံး (West Kowloon) ၏ သက်သေခံ ထွက်ဆိုသည့်နေရာ (ဝက်ခြံ) ထဲတွင် ၂၀၁၉ ခုနှစ် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများအား နိုင်ငံတကာက ထောက်ခံစေရန် ၎င်း၏ အားထုတ်ကြိုးပမ်းမှုများအကြောင်းကို စစ်ဆေးမေးမြန်းခံခဲ့ရသည်။
ဟောင်ကောင်မီဒီယာ လုပ်ငန်းရှင် ဂျင်မီလိုင်ကို တွေ့ရစဉ်
လိုင်ကမူ သူသည် ဟောင်ကောင် အရေးကိစ္စတွင် အမေရိကန်၏ ဩဇာလွှမ်းမိုးမှုရှိစေရန် အကူအညီ တောင်းခံ ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)ထံမှ အကူအညီ တောင်းခံခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်သည့် ကြားနာစစ်ဆေးမှု ၇ ရက်မြောက်နေ့တွင်လည်း လိုင်က သူသည် ၂၀၂၀ ပြည့်နှစ် ဇွန်လက အမျိုးသားလုံခြုံရေးဥပဒေ မပြဋ္ဌာန်းမီအချိန်တွင် ထိုဥပဒေဖြင့် ပစ်မှတ်ထားခံခဲ့ရခြင်းကို စိုးရိမ်င်းမရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အာဏာရလာသည့် အချိန်တွင် ဟောင်ကောင်၌ တရုတ်၏ အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းခဲ့မှုအတွက် ထရမ့်က ဟောင်ကောင် အာဏာပိုင် များအပေါ် ပြင်းထန်သည့် ပိတ်ဆို့မှုများ ချမှတ်ရန် မျှော်လင့်ကြောင်းလည်း လိုင်က ပြောကြားခဲ့သည်။
ဟောင်ကောင်တွင် တရုတ်က အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် ၎င်း၏ Apple Daily သတင်းစာကို လည်း ဆက်လက် ထုတ်ဝေနိုင်တော့မည် မဟုတ်ကြောင်း ယခင်ကတည်းက ကြိုတင်သိရှိခဲ့ကြောင်း လိုင်က ပြောကြားခဲ့သည်။
Source: South China Morning Post