CNI International News

မိုင်ယာမီ၊ နိုဝင်ဘာ ၁၀

အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နေရာအတွက် တတိယအကြိမ်မြောက် စကားစစ်ထိုးပွဲကို နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အဆိုပါ စကားစစ်ထိုးပွဲတွင် ကိုယ်စားလှယ်လောင်းများသည် အစ္စရေးလိုလားသည့် သဘောထား၊ အီရန်အပေါ် တင်းမာသည့် ရပ်တည်ချက်၊ ယူကရိန်းစစ်ပွဲ၊ တရုတ်ကို အာရုံစိုက်ရေးနှင့် ထရမ့်ကို ဝေဖန်ရေး အစရှိသည့် အဓိက အကြောင်းအရာ ၅ ချက်ကို အချေအတင် ပြောကြားခဲ့ကြသည်။ 

ဖလော်ရီဒါ (Florida) ပြည်နယ်၊ မိုင်ယာမီ (Miami) မြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စကားစစ်ထိုးပွဲတွင် ဖလော်ရီ ဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ် (Ron DeSantis) ၊ ကုလသမဂ္ဂဆိုင်ရာ အမေရိသန် သံတမန်ဟောင်း နစ်ကီ ဟာလေး (Nikki Haley) ၊ နယူးဂျာစီ (New Jersey) ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ခရစ် ခရစ္စတီး (Chris Christie)၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် ဗီဗက် ရာမဆွာမီ (Vivek Ramaswamy) နှင့် အထက်လွှတ်တော် အမတ် တင်စကောက် (Tim Scott) တို့ ပါဝင်ခဲ့ကြသည်။ 

စကားစစ်ထိုးပွဲမှာ နစ်ကီဟာလေးကို တွေ့ရစဉ်

စကားစစ်ထိုးပွဲအတွင်း ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ၅ ဦးသည် ဂါဇာစစ်ပွဲ၊ ရွှေ့ပြောင်းနေထိုင်သူ အရေးနှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ကို ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ရေး အပါအဝင် အကြောင်းအရာ အများအပြားကို အချေအတင် ပြောကြားခဲ့ကြသည်။ 

တရားရေးဆိုင်ရာ အမှုအခင်းများနှင့် ရင်ဆိုင်နေရသည့် ထရမ့်သည် ရွေးကောက်ပွဲတွင် ရေပန်းစားနေသည့် ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် ယူဆခံထားရပြီး ယခုအကြိမ်တွင်လည်း ရီပတ်ဘလစ်ကန် စကားစစ်ထိုး ပွဲကို တက်ရောက်ခဲ့ခြင်း မရှိပေ။

ထိုစကားစစ်ထိုးပွဲ၏ ပထမပိုင်းတွင် ဂါဇာစစ်ပွဲ အကြောင်းနှင့် ပြည်တွင်း/ပြည်ပ ဂယက်ရိုက်ခတ်မှုများကို အချေအတင် ပြောကြားခဲ့သော်လည်း အစ္စရေးကို ထောက်ခံရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကသာ လွှမ်းမိုးခဲ့သည်။

စကားစစ်ထိုးပွဲမှာ ပါ၀င်ခဲ့တဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်များကိုတွေ့ရစဉ်

ဟာလေနှင့် ရာမဆွာမီ တို့သည် ၎င်းတို့၏ ပြင်းထန်သည့် ပြိုင်ဆိုင်မှုကို ပိုမိုနက်ရှိုင်းစေခဲ့ပြီး တစ်ဦးနှင့်တစ်ဦး အရှိုက်ထိစေမည့် စကားလုံးများနှင့် အကြောင်းအရာများကို ရွေးချယ်ပြီး အပြန်အလှန် စကားစစ်ထိုးခဲ့ကြသည်။

ယခင် စကားစစ်ထိုးပွဲများတွင် စကားသိပ် မပြောခဲ့သည့် စကော့ကမူ ယခုတစ်ကြိမ် စကားစစ်ထိုးပွဲမှာတော့ ၎င်း၏ နှုတ်ရေးကြွယ်မှုကို ပြသခဲ့ပြီး စကားပြောချိန်ကို ပိုယူခဲ့သည်။ 

ဒီဆန်းတစ်ကမူ ထရမ့်၏ အရှိန်အဝါသည် ရီပတ်ဘလစ်ကန်ပါတီ၏ ကိုယ်စားလှယ်လောင်း နေရာအတွက် လွှမ်းမိုးထားဆဲဖြစ်ကြောင်း ယူဆခဲ့သလို ဖလော်ရီဒါပြည်နယ်တွင် ၎င်း၏ ကွန်ဆာဗေးတစ်လှုပ်ရှားမှု မှတ်တမ်းကို အသားပေးပြောကြားခဲ့ကာ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ မူဝါဒများကို ဝေဖန်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား