CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉

မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)အနေဖြင့် “ဝ”နယ်မြေအတွင်း၌ ကြိုတင်ပြင် ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး အဓိက အင်အားများကို အောက်တိုဘာ ၂၇ ရက်တွင် နမ့်တစ်တံတားမှ ချင်းရွှေ ဟော်သို့ ဖြတ်ဝင်၍ တိုက်ခိုက်ခဲ့သည်ဟု နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (၃/၂၀၂၃) အစည်းအဝေးတွင် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကာ/လုံ အစည်းအဝေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA နှင့်မဟာမိတ်များ၏ တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့မှု အခြေအနေများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ KIA-AA-PDF တို့ တိုက်ခိုက်မှုများ ပြုလုပ်လာ သည့် အခြေအနေများကို အဓိက ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “MNDAA အနေဖြင့် “ဝ” နယ်မြေအတွင်း၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် ခဲ့ပြီး အဓိက အင်အားများကို အောက်တိုဘာ ၂၇ ရက်တွင် နမ့်တစ်တံတားမှ ချင်းရွှေဟော်သို့ ဖြတ်ဝင်၍ တိုင်ခိုက် ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် Drone များအသုံးပြု၍ Drop Bomb များ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် MNDAA နှင့်အတူ KIA၊ TNLA၊ AA နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များ ပါဝင်ခဲ့သည် ကို တွေ့ရကြောင်း၊ အဓိကအနေဖြင့် MNDAA နှင့် TNLA အဖွဲ့မှဖြစ်ကြောင်း” ပြောသည်။

UWSA “ဝ”တပ်ဖွဲ့ ခေါင်းဆောင်များနဲ့ MNDAA ခေါင်းဆောင်များ UWSA ဌာနချုပ် ပန်ခမ်းမြို့မှာ တွေ့ဆုံစဉ် 

“ဝ”ဒေသကို ထိန်းချုပ်ထားသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ မိုင်းလားမြို့နယ်ကို ထိန်းချုပ်ထားသော အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA- မိုင်းလား) တို့ကတော့ ယခု ရှမ်းမြောက်စစ်ပွဲအတွင်း မည်သည့်ဘက်ကမှ ပါဝင် တိုက်ခိုက်ပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

MNDAA သည် ချင်းရွှေဟော်အား တိုက်ခိုက်ပြီး တစ်ပြိုင်တည်းတွင် ကွမ်းလုံကို စိမ့်ဝင်လာသည့်အဖွဲ့များဖြင့် ထိုးဖောက်တိုက်ခိုက်ခဲ့ကြောင်း၊ TNLA ကလည်း သိန္နီကို ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်နိုင်အောင် တိုက်ခိုက်ခဲ့ကြောင်း၊ လားရှိုးမြို့ကိုလည်း နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ နောင်ချိုအနီး မန္တလေး- လားရှိုး ဆက် သွယ်ရေး လမ်းကြောင်း ပြတ်တောက်အောင် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ MNDAA မှ တိုက်ခိုက်လျက် ရှိချိန်တွင် KIA အနေဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် ဖြစ်စဉ်များဖြစ်ပွားနေချိန်အတွင်း ပွဲလန့်တုန်းဖျာခင်းသည့်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့နေရာများတွင် PDF အမည်ခံ အကြမ်း ဖက်သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း၊ ထိုသို့ လုပ်ဆောင်ရာ တွင် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများနှင့်အတူ KIA နှင့် AA အဖွဲ့တို့လည်း ပါဝင်သည်ကို တွေ့ရ ကြောင်း” ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)က တိုက်ပွဲများသည် MNDAA အနေဖြင့် လောက်ကိုင်ဒေသတွင် အာဏာပြန်လည် တည်ဆောက်နိုင်ရေးနှင့် TNLA သည် ပလောင် ပြည်နယ် ရရှိရေး အဓိက ကြိုးပမ်းခြင်းဖြစ်ကြောင်း တပ်မတော် ဘက်က ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က  ကာ/လုံ အစည်းအဝေးမှာ ယာယီသမ္မတ ဦးမြင့်ဆွေကို တွေ့ရစဉ်

တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်စိမ် ကာကွယ်ရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဟု တပ်ချုပ်က ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် နယ်စပ်ဒေသ တိုက်ပွဲများအရေးနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်အစိတ် အမွှာမွှာ ကွဲသွားနိုင်ကြောင်း၊ ယခုကိစ္စသည် သေသေချာချာ စနစ် တကျ ကိုင်တွယ်သွားရန်လိုကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက ပြောသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ (MNDAA-AA-TNLA)က ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ နမ့်ခမ်း၊ သိန္နီ၊ မူဆယ်၊ လားရှိုး၊ နောင်ချို၊ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံ စသည့် မြို့နယ် များအတွင်းမှ တပ်မတော်၏ စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တပ်မတော်ဘက်ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စခန်းများ ပြန်လည် ထိန်းချုပ်နိုင်နေပြီး ဖြစ်သလို ရန်သူဘက်က အကျအဆုံးများကြောင်း ထုတ်ပြန် ပြောကြားလျက်ရှိနေသည်။