CNI International News

ဟောင်ကောင်၊ ဒီဇင်ဘာ ၁၉

ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် (Jimmy Lai) ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ စွဲချက်များအတွက် တရားရုံးတွင် ကြားနာစစ်ဆေးမှုကို စတင်ခဲ့ပြီး ဗြိတိန်ကမူ လိုင်ကို ချက်ချင်းပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကတည်း အကျဉ်းချခံခဲ့ရသည့်် လိုင်သည် တရားရုံးသို့ ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့သည်။ 

သူသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လက ဟောင်ကောင်တွင် တရုတ်အစိုးရက ပြဋ္ဌာန်းခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေ အောက်၌ ပြည်ပအင်အားစုများနှင့် ပူးပေါင်းလိမ်လည်ရန် ကြံစည်မှု စွဲချက်နှင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ပြီး စာအုပ်တစ်အုပ်ကို ကိုင်ဆောင်လာသည့် အသက် ၇၆ နှစ်အရွယ် လိုင်သည် ခန္ဓာကိုယ်အလေးချိန် လျော့ကျသွားပုံပေါ်သော်လည်း ကျန်းမာရေး ကောင်းမွန်ပုံပေါ်ကြောင်း တရားရုံးအတွင်းရှိ သတင်းထောက်များက ပြောကြားခဲ့သည်။ 

ဟောင်ကောင်သတင်းစာကိုတွေ့ရစဉ်

ယခု ထုတ်ဝေခြင်း မပြုတော့သည့် Apple Daily သတင်းစာကို ထုတ်ဝေခဲ့သူ လိုင်သည် တရုတ်အစိုးရကို လူသိရှင်ကြား ဝေဖန်သူများထဲတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင် ဟောင်ကောင် ရဲတပ်ဖွဲ့က Apple Daily သတင်းစာ၏ တာဝန်ရှိသူများကို ဝင်ရောက် စီးနင်းခဲ့သည့်အချိန်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

လိုင်၏ အမှုကို လွန်ခဲ့သည့် နှစ်ကတည်းက ကြားနာစစ်ဆေးရန် စီစဉ်ခဲ့သော်လည်း လိုင်က ၎င်း၏ဘက်မှ ခုခံ လျှောက်လှဲမည့် ရှေ့နေအဖြစ် ဗြိတိန်အခြေစိုက် တီမိုသီ အိုဝင် (Timothy Owen) ကို ရွေးချယ်ခဲ့သဖြင့် ထိုရွေးချယ်မှုအပေါ် ဟောင်ကောင်အစိုးရက ဆန့်ကျင်ကန့်ကွက်မှုများကြောင့် နှောင့်နှေးကြန့်ကြာခဲ့ခြင်း ဖြစ်သည်။

Apple Daily သတင်းစာ တိုက်သည်လည်း ဗြိတိသျှကိုလိုနီ လက်ထက်က အကြည်ညိုပျက်စေမှုဥပဒေအောက် တွင် တရားစွဲဆိုခံထားရကြောင်း လိုင်က ပြောကြားခဲ့ပြီး ၎င်းအပေါ်  စွဲဆိုထားသည့် စွဲချက်များအားလုံးကို ငြင်းဆိုခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက်က ဗြိတိန်၏ ထုတ်ပြန်ချက်တွင် ဗြိတိန်ဝန်ကြီးချုပ်က လိုင်၏ ကြားနာစစ်ဆေးမှုကို အလွန် စိုးရိမ်ကြောင်း၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂသည် လိုင်အား ချက်ချင်းပြန်လွှတ်ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား