CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉

နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကျင်းပလေ့ရှိသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လုံးဝ(လုံးဝ) မကျင်းပရန် နှင့် ကျင်းပပါက ပွဲတော်လုံခြုံရေးအား အာမခံမည်မဟုတ်ဘူးဟု နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)က ဒီဇင်ဘာ ၁၈ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန် သတိပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပရန် စီစဉ်လျက်ရှိသည်။

အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်သည် နာဂတို့၏ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုးရာဓလေ့ထုံး တမ်း၊ သမိုင်းအစဉ်အလာကြီးမားမှုတို့ကို ဖော်ညွှန်းကျင်းပကြသော ပွဲတော်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့စဉ်

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကြောင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းသည် နာဂတို့အတွက် နောက်နှောင်သမိုင်းကြောင်းတွင် အမဲစက်တစ်ခုဖြစ်လာမည်ကို စဉ်းစားဆင်ခြင်သင့်သည်ဟု ထင်မြင်ယူဆပါသည်ဟု NPDF က ထုတ်ပြန်ခဲ့သည်။

NPDF က “မြန်မာနိုင်ငံ၏ တခြားဒေသများတွင် နေထိုင်သော တိုင်းရင်းသား ညီနောင်များသည် စစ်ဒဏ်ကို အလူးအလဲခံနေရသည်။ ထိုအချိန်တွင် နာဂတို့အနေဖြင့် ပွဲတော်ကျင်းပနေမည်ဆိုလျှင် စစ်ဒဏ်ခံနေရသော ညီနောင်များအား မစာမနာ မထောက်ထားရာရောက်သကဲ့သို့ စစ်ဒဏ်ခံနေသော ညီနောင်တိုင်းရင်းသားများနှင့် သဘောထား ကွဲလွဲမှုများဖြစ်သွားနိုင်သည်”ဟု ပြောသည်။

ထို့နောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစက၏ မည်သည့် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကိုဖြစ်စေ ဖိတ်ခေါ်ပြီး ကျင်းပခြင်း လုံးဝ(လုံးဝ) မလုပ်ကြရန် တာဝန်ရှိ နာဂလူကြီးများနှင့် နာဂ အမျိုးသားများအား အလေးထား မေတ္တာရပ်ခံပါသည်ဟု NPDF က ထုတ်ပြန်ခဲ့သည်။

အကယ်၍ နစကအဖွဲ့အား ဖိတ်ခေါ်ပြီး နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပခဲ့မည်ဆိုလျှင် NPDF အနေဖြင့် ပွဲ တော်လုံခြုံရေးအား အာမခံမည်မဟုတ်ကြောင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ပွဲတော်ဖြစ်မြောက်ရေး စီစဉ် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် အပြည့်အဝ တာဝန်ခံရမည်ဟု နာဂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NPDF ထုတ်ပြန်ချက်ကို တွေ့ရစဉ်

နာဂမျိုးနွယ်စုများသည် နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်နေ့ ရောက်တိုင်း နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ကျင်းပလေ့ ရှိသည်။ အဆိုပါ အခမ်းအနားသို့ ပြည်တွင်း/ပြည်ပမှ ခရီးသွားများနှင့် နိုင်ငံတော်အကြီးအကဲများ တက်ရောက် လေ့ရှိကြသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့မှာ ကျင်းပခဲ့ပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

လက်ရှိတွင် နာဂလက်နက်ကိုင်များအနေဖြင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)၊ အရှေ့နာဂအမျိုးသား အဖွဲ့ အစည်း/ အရှေ့နာဂကာကွယ်ရေးတပ်မတော်(ENNO/ENDA)၊ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)တို့ ရှိသည်။