CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)သည် တိုင်းရင်းသား ညီနောင်များနှင့်အတူ လက်တွဲပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ချေမှုန်းရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု NPDF က ယနေ့ (ဇွန်လ ၂၀ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

နာဂ PDF ကို တပ်မတော်က နိုင်ငံတော်အာဏာကို ရယူပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် ဖွဲ့စည်း၍ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး လုပ်ဆောင်လာခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုတစ်နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန် ချက်တွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားသည်။

NPDF က “လက်ရှိအချိန်သည် ဘုံရန်သူဖြစ်သော အကြမ်းဖက် စစ်အုပ်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲတွန်းလှန်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အချိန် အခါကောာင်းပင်ဖြစ်သည်။ ထို့ကြောင့် နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် တိုင်းရင်းသား ညီနောင်များနှင့်အတူ လက် တွဲပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ချေမှုန်းရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်”ဟု ပြောသည်။

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်

ထို့နောက် နာဂဒေသ ပြည်သူလူထုအနေဖြင့် မိမိတို့တပ်ဖွဲ့အား ထောက်ပံ့ပေးကြပါရန်နှင့် ပူးပေါင်း ပါဝင်ပေးကြပါရန် အထူးအလေးထား မေတ္တာရပ်ခံပါသည်ဟုလည်း ဖော်ပြာထားသည်။

NPDF က “တော်လှန်ရေး အောင်မြင်မှု၊ ရှုံးနိမ့်မှုသည် ပြည်သူလူထု ပူးပေါင်းပါဝင်မှုအပေါ်တွင် များစွာမူတည်နေပြီး တော်လှန်ရေး၏ အကောင်းအဆိုး အကျိုးအမြတ်သည်လည်း ပြည်သူလူထုသာလျှင် ဖြစ်သည်”ဟု ပြောသည်။

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသား ညီနောင်များနှင့်အတူ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ဖြတ် ချေမှုန်းရေးအတွက် အစဉ်တစိုက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဟု NPDF က ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။