CNI International News

ဘာမာကို၊ ဇွန်လ ၂၀

ရုရှားနှင့်အနောက်အုပ်စုတို့အကြား တင်းမာမှုများကြောင့် မာလီနိုင်ငံအတွက် ကုလသမဂ္ဂ (UN) ၏ အကြီးမား ဆုံးနှင့်အန္တရာယ်အများဆုံး ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်တစ်ခု၏ အနာဂတ်အရေး ဆွေးနွေးမှုများ ပိုမို ဆိုးရွားလာခဲ့ကြောင်း၊ ဆယ်စုနှစ်များစွာ အစ္စလာမ္မစ်အစွန်းရောက်များ ထကြွသောင်းကျန်နေသည့် မာလီနိုင်ငံသို့ UN တပ်များ စေလွှတ်ရေးမှာ အခြေအတင်ဖြစ်နေခဲ့ကြောင်း အေပီသတင်းဌာနက ဇွန်လ ၁၉ ရက်တွင် ဖော်ပြခဲ့ သည်။

အနောက်အာဖရိဒေသရှိ မာလီနိုင်ငံတွင် အစွန်းရောက်လက်နက်ကိုင်များ တိုက်ခိုက်မှုပြင်းထန်လာ၍ မငြိမ် မသက်ဖြစ်နေခဲ့ရာ UN ၏ ငြိမ်းချမ်းမှုမစ်ရှင်ကို ယခုလအတွင်း သက်တမ်းတိုးရန် ပြင်ဆင်နေသည်။ လက်ရှိကာလ ဇွန်လတစ်လတည်းမှာပင် မာလီရောက် UN ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်။

မာလီစစ်အာဏာရှင်များ ရွေးကောက်ပွဲကျင်းပမည့်ကတိကို ရွှေ့ဆိုင်းလိုက်ပြီး အိမ်နီးချင်းနိုင်ငံများက ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ရာ တိုင်းပြည်၏စီးပွားရေးအခြေအနေမှာ ယိုယွင်းလာခဲ့သည်။

မာလီစစ်အာဏာရှင်များနှင့် ပြင်သစ်၊ ဥရောပသမဂ္ဂ (EU) တို့ ဆက်ဆံရေးတင်းမာလာခြင်းကြောင့် ပြင်သစ်နှင့် EU တို့၏ စစ်ဆင်ရေးမှာလည်း ပြည်တွင်း၌ ရပ်ဆိုင်းသွားပြီဖြစ်သည်။

UN လုံခြုံရေးကောင်စီအဖွဲ့ဝင်များ ဆွေးနွေးမှု၌ MINUSMA ဟု ထင်ရှားသည့် မာလီနိုင်ငံအတွက် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင်ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း သဘောတူခဲ့ကြသည်။ သို့သော် ယခုသီတင်းပတ် ကောင်စီအတွင်း ဆွေးနွေးငြင်းခုံမှုများ၌ မာလီပြည်တွင်းမှာ ပြင်သစ်၏အနာဂတ်အခန်းကဏ္ဍနှင့် ရုရှားစစ်ရေး ကန်ထရိုက်တာများ ရှိနေခြင်းအပေါ် သဘောထားကွဲလွဲမှုများ ရှိနေခဲ့သည်။

“ညိနှိုင်းနေစဉ်အတွင်း အခြေအနေ ပိုရှုပ်ထွေးလာတယ်။ နိုင်ငံတကာအခန်းကဏ္ဍမှာ မာလီဟာ ရုရှားကစားကွက် ရဲ့ တစိတ်တပိုင်းပါ” ဟု ဝါရှင်တန်အခြေစိုက် အတ္တလန္တိတ်ကောင်စီ၊ အာဖရိကရေးရာဌာနမှ အကြီးတန်း ဒါရိုက်တာ ရာမာယက်က ပြောကြားခဲ့သည်။

မာလီနိုင်ငံမြောက်ပိုင်းရှိ မြို့ကြီးများကို သိမ်းပိုက်ထားသော အစွန်းရောက်သူပုန်များကို ရှင်းလင်းရန် ပြင်သစ်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် UN ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်ကို စတင်ခဲ့သည်။

အဆိုပါမစ်ရှင်တွင် တပ်ဖွဲ့ဝင်အင်အား ၁၂,၀၀၀ ခန့်၊ ရဲနှင့် အခြားစစ်ရေးအရာရှိ ၂,၀၀၀ ခန့် ပါဝင်ထားကြသည်။ မစ်ရှင်၏လှုပ်ရှားမှုများအတွင်း မာလီနိုင်ငံတွင် UN ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၂၇၀ ကျော်အထိ သေဆုံးခဲ့သည်။

ယခုအခါ ပြင်သစ်သည် UN မစ်ရှင်၏လုပ်ပိုင်ခွင့်ကို သက်တမ်းတိုးနိုင်ရန် စေ့စပ်ညှိနှိုင်းရေး ဦးဆောင်ပေးနေပြီး ပြင်သစ်၏လေကြောင်းအထောက်အပံ့များ ဆက်လက်ပေးအပ်ရန် အဆိုပြုလာခဲ့သည်။

သို့သော် ပြင်သစ်လေကြောင်းအစီအစဉ်ကို မာလီက အပြင်းအထန် ကန့်ကွက်ခဲ့သည်။

Source: AP