CNI News

၂၀၂၂ ခုနှ၊ ဇွန်လ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်၊ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု တောင်ပိုင်းတာဝန်ခံနှင့် ရှမ်းနီ လူငယ် ကွန်ယက် ဒုဥက္ကဋ္ဌ ဖြစ်သူ စိုင်းဆေလိုင်းအား ဒေသကာကွယ်ရေးတပ် (PDF)မှ ဇွန်လ ၁၉ ရက် မွန်းလွှဲ ၂ နာရီခန့်က ဖမ်းဆီး သွားကြောင်း သိရသည်။

ရှမ်းနီ စာပေသင်ကြားရေးနှင့် ပတ်သက်၍ ဗန်းမောက်တောင်ပိုင်း မံကပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေစဉ် လာရောက် ဖမ်းဆီးသွားကြောင်း ဗန်းမောက်ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုမှ အတွင်းရေးမှူး စိုင်းထွန်းမြင့်က CNI သတင်းဌာန သို့ ပြောသည်။

“မံကပ်ရွာဘက်ကို စာပေကိစ္စနဲ့ ရှမ်းနီစာပေသင်တန်း သွားဖွင့်တာ၊ လိုအပ်ချက်တွေ ဘာရှိလဲလို့ မေးမြန်းဖို့ သွားတဲ့အချိန်မှာ ကျောင်းပေါ်မှာ သူတို့က ဘာမှ မပြောမဆိုပဲ ဖမ်းဆီးသွားတာခင်ဗျ၊ သူတို့ကတော့ ခဏလေး စစ်ဆေးချင်တယ်လို့ ခေါ်သွား တာ၊ ကျနော်တို့ကတော့ ဘာမှ ဂဃနဏ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးသွားသည့် စိုင်းဆေလိုင်းအား ပြန်လွှတ်ပေးစေလိုကြောင်း၊ ချိတ်ဆက်၍ ရသလောက် ချိတ်ဆက်နေကြောင်း၊ နောက် ဆက်တွဲ မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာမှာကို စိုးရိမ်ကြောင်း စိုင်းထွန်းမြင့်က ပြောသည်။

၎င်းက “ဘယ်လိုမျိုး အကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို တိုင်းရင်းသားအားလုံး တည်ဆောက် ကြမယ်ဆိုရင်တော့ ဒီလိုမျိုး ကိစ္စတွေက မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်၊ ဒီလိုမျိုး ဖြစ်တဲ့ ကိစ္စမှာ မလိုလားအပ်တဲ့ဟာတွေ အများကြီး ဖြစ်လာနိုင်တယ်၊ လူမျိုးရေး ပဋိပက္ခတွေ၊ တိုင်းရင်းသားအချင်းချင်း ဖြစ်ကြရင် အကျိုးမရှိဘူးလေ၊ အကုန်လုံးက ပဋိပက္ခတွေ ကြီးမားလာနိုင်တယ်၊ အဲဒီအတွက် စိုးရိမ်တယ်ဗျ” ဟု ပြောသည်။

အဆိုပါ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု တောင်ပိုင်း တာဝန်ခံအား ဖမ်းဆီးသွားသည့် ကိစ္စနှင့် ပတ်သက်၍ သိရှိနိုင်ရန် ဗန်းမောက် ဒေသကာကွယ်ရေးတပ် (PDF) ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။