CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ကို ဆက်စပ်နယ်မြေတွင် အလွန်အရေးပါသည့် ဗန်းမောက်မြို့နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ ပူးပေါင်း ၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမောက်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်‌ရေးအတွက် ဗန်းမောက်မြို့အနီးက မြစ်သေးကျင်းအား အင်းအား အလုံးအရင်းဖြင့် စတင် ထိုးစစ်ဆင်နေသလို ပင်ဟင်းခါးနှင့် သာယာကုန်းကျေးရွာ များကိုလည်း တပြိုင်တည်း ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ဒေသခံများက ပြောသည်။

ဗန်းမောက်ဒေသခံက “ အခု မနက် ၅ နာရီခွဲ လောက်ကစလို့ ဗန်းမောက် မြစ်သေးကျင်းဘက်ကို အင်အား အလုံးရင်းနဲ့ KIA-PDF က ဝင်ထိုးနေတယ်။ တပြိုင်တည်း ဆိုသလို စစ်လာနိုင်တဲ့ ပင်ဟင်းခါး၊ သာယာကုန်းမှာပါ ပွဲကနေတယ်” ဟု ပြောသည်။

ဗန်းမောက်နဲ့ ဆက်စပ်နယ်မြေများကို ပြသထားစဉ်

လက်ရှိတွင် ဗန်းမောက်မြို့၏ အရှေ့နှင့်အနောက်ဘက်ခြမ်းကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ထိန်းချုပ်ထားပြီး တောင်ဘက်နှင့်မြောက်ဘက်ခြမ်းအား KIA-PDF က ထိန်းချုပ်ထားသည်။ 

သို့သော် မြန်မာ့တပ် မတော်က ဗန်းမောက်မြို့ပေါ်ကို အထိုင်ချထားသည်။

ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပါဝင်ပြီး ဟုမ္မလင်း၊ အင်းတော်၊ ပင်လည်ဘူး၊ မော်လူး၊ မော်ဟန်တို့နှင့် ထိစပ်၍ စစ်ရေး-စီးပွားရေးအရ အရေးပါသော ဒေသဖြစ်သည်။

KIA-PDF သည် ဗန်းမောက်မြို့နှင့် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပါက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ထီးချိုင့်၊ ကသာ၊ ဝန်းသိုမြို့များကို ထိန်းချုပ်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နိုင်မည်ဖြစ်သည်။ 

လက်ရှိမှာတော့ KIA-PDF သည် ဗန်းမောက်မြို့ ထိန်းချုပ်နိုင်ရေးနှင့် ဗန်းမောက်မြို့ အရှေ့ဘက်နှင့်အနောက်ဘက် ခြမ်းဒေသများ ထိန်းချုပ်နိုင်ရေးအတွက် SNA ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်။ 

အဆိုပါ ဒေသတွင် KIA-PDF နှင့် SNA ကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်စလုံးက အမြဲတမ်း စစ်ရေးသတိပေးထားကြသည်။