CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ရွှေပြည်အေးမြို့အနီးက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့၏ စခန်း ၁၉ ခုကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှ သိမ်းပိုက် ရရှိခဲ့သည်ဟု သိရသည်။

ရွှေပြည်အေးမြို့ အနောက်ဘက်ကမ်း ဂွေးတောက်ကုန်းအုပ်စု နယ်မြေအတွင်းရှိ KIA-PDF စခန်းများကို SNA က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၅ ရက်အထိ စခန်း ၁၉ ခုကို သိမ်းပိုက် ရရှိခဲ့သည်ဟု SNA ဘက်က ထုတ်ပြန်ခဲ့သည်။
သို့သော် ရွှေပြည်အေးမြို့ကိုတော့ KIA-PDF ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားဆဲဖြစ်သည်။

အဆိုပါ ရွှေပြည်အေးမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ ဟုမ္မလင်း-ခန္တီး-နာဂဒေသို့ ရေလမ်းကြောင်းကနေ ကုန်စည်များ သွယ်ယူပို့ဆောင်ရာတွင် ပိတ်ဆို့ ဟန့်တားရန်အတွက် အရေးပါသည့် နေရာဖြစ်နေကြောင်း၊ ထို ရွှေပြည်အေးမြို့ကနေ KIA-PDF များက ကုန်စည်များကို သယ်ယူခွင့် ပိတ်ပင်ခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ ကို ပြုလုပ်လျက်ရှိသည်။

ရွှေပြည်အေးမြို့နယ်ထဲက KIA-PDF စခန်းကို  SNA က သိမ်းပိုက်တာမှာ လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရမိစဉ်

ထို့ကြောင့် ဟုမ္မလင်း-ခန္တီးနှင့် နာဂဒေသသည် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသလို ဒေသတွင်းနေ ပြည်သူများ သွားလာရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည်။

ဟုမ္မလင်းမြို့ ဒေသခံတစ်ဦးက “ ရွှေပြည်အေးမြို့မှာ KIA-PDF က ဂိတ်ဖွင့်ပြီးတော့ ကုန်စည်သယ်ယူမှုကို စစ်‌ ဆေးကြပ်မှတ်တာတွေ လုပ်နေတာ။ အခွန်ကောက်တာတွေ လုပ်တာပေါ့။ သူတို့ ခွင့်မပြုရင် ဘယ်ကုန်မှ သယ်လို့ မရသလို ဘယ်စက်လှေ၊ သင်္ဘောမှ ဖြတ်သန်းလို့မရဘူး။ စက်သုံးဆီ တစ်ပေပါဆိုရင် ၃ သိန်းလောက် ကောက် တယ်။ အဲကျတော့ ဟုမ္မလင်းကနေ အထက်ပိုင်းအထိ ကုန်ဈေးနှုန်းက အဆမတန် မြင့်တက်သွားတာပေါ့။ ရွှေပြည်အေးမြို့က စစ်ရေး-စီးပွားရေးအတွက် အဓိက အရေးပါတဲ့နေရာဖြစ်နေတယ်။ ဒီအခြေအနေတွေကို ဆိုင်ရာကနေ ဖြေရှင်းပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ကျနော်တို့ ပြည်သူတွေကတော့ မတတ်နိုင်ဘူးလေ ကြုံသလို လုပ်ကိုင်နေကြရတာပေါ့”ဟု ပြောသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့များက ရွှေပြည်အေးမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်ကတည်းက သိမ်းပိုက်ထားခဲ့ရာ ယနေ့အထိဖြစ်သည်။