CNI Article

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ဟု ပြောလိုက်သည်နှင့် ရှမ်းနီပြည်သူ့စစ်ဟု အများစုက ရောထွေးကာ နားလည်လေ့ရှိသည်။

ရှမ်းနီပြည်သူ့စစ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ကွဲပြား ခြားနားကြပြီး ရပ်တည်ချက်များလည်း မတူကြပေ။

လွယ်လွယ်ပြောရလျှင် ကားမိုင်း-တာလောကြီးဘက်မှာ လှုပ်ရှားနေတဲ့ ရှမ်းနီ လက်နက်ကိုင်များသည် ရှမ်းနီ ပြည်သူ့စစ်များဖြစ်သည်(သို့သော် ရှမ်းနီပြည်သူ့စစ်ဟု သီးသန့်နာမည်တပ် မှည့်ထားခြင်းမဟုတ်ဘဲ တာလောကြီး ပြည်သူ့စစ်- ဌာနေပြည်သူ့စစ်ဟုသာ အမည်တပ်ထားသည်)။

ပြည်သူ့စစ်ဆိုသည်မှာ သုံးမျိုးသုံးစားရှိသည်။ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ကနေ ငြိမ်းချမ်းရေးယူပြီး အသွင်ပြောင်း ဖွဲ့စည်းသည့် အဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် သူခိုး၊ ဓားပြရန် ကာကွယ်ရေးအတွက် ကိုယ့်သဘောဆန္ဒဖြင့် ဖွဲ့စည်းသည့်အဖွဲ့၊ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များနှင့် တခြားသော ရည်ရွယ်ချက် အမျိုးမျိုးဖြင့် တည်ငြိမ်မှုပျက်ပြားအောင်လုပ်သည့် အင်အားစုများကို တိုက်ခိုက်ရန် တပ်မတော်က ဖွဲ့စည်းပေး သည့်အဖွဲ့ ဟူ၍ ဖြစ်သည်။

အဆိုပါ သုံးမျိုးသုံးစားထဲမှာ မပါဘဲ တပ်မတော်ကို တော်လှန် တိုက်ခိုက်နေသည့် လက်နက်ကိုင်များကိုတော့ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့(EAO)ဟု ခေါ်ဝေါ်လေ့ရှိပါသည်။

ထိုအထဲတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ဖြစ်သည်ဟု ရပ် တည်လျက်ရှိပြီး မည်သည့် အဖွဲ့အစည်း၏ လက်အောက်ခံ- အသုံးချခံမှ မဟုတ်ဘဲ လွတ်လပ်သော တပ်ဖွဲ့ဖြစ် သည်ဟု ဆိုလေသည်။

ထို့ကြောင့် ရှမ်းနီ ဆိုသောနာမည်မျိုးပါသော လက်နက်ကိုင် အားလုံးသည် တူညီကြခြင်းမဟုတ်ဘဲ တချို့က ပြည်သူ့စစ်ဖြစ်ပြီး တချို့က EAO ဖြစ်သည်။

KIA- PDF ကို တွေ့ရစဉ်

အထက်ပါ အခြေအနေများကတော့ SNA ကို ရှမ်းနီပြည်သူ့စစ်များဟု ထင်နေခြင်းအပေါ် မိမိ သုတေသန လုပ် ကာ စုဆောင်းထားသည့် အချက်အလက်များကနေ တဆင့် အခြေခံပြီး ရှင်းလင်းပြခြင်းဖြစ်သည်။

ထို့နောက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) စတင် ပေါ်ပေါက်လာခြင်းနှင့် မည်သည့် ဒေသများတွင် လှုပ်ရှား နေသလဲ၊ မည်သည့် ရည်ရွယ်ချက်ဖြင့် ရပ်တည်နေသလဲ၊ တည်ငြိမ်မှု အားနည်းနေသည့် စစ်ကိုင်းတိုင်းဒေသကြီး ထဲမှာ SNA က ဘယ်လောက်အထိ အရေးပါနေသလဲ ဆိုသည့် အခြေအနေများကို စုဆောင်းထားမိသော အချက် အလက်များအရ နားလည်မိသည့် အခြေအနေကို တင်ပြပါမည်။

SNA သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့သည်။ စတင် ဖွဲ့စည်းစဉ်က အားမကောင်းခဲ့သော် လည်း ယခုမျက်မှောက်ခေတ်မှာတော့ အင်အားကြီးလာသလို နယ်မြေတော်တော်များများလည်း လှုပ်ရှားလာနေ နိုင်သည်ကို တွေ့ရသည်။

လက်ရှိတွင် SNA သည် တပ်မဟာ (၄)ခုကို ဖွဲ့စည်းထားသည်။ တပ်မဟာ ၇၅၃ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ရွှေပြည်အေးမြို့နယ်၊ ချင်းတွင်းမြစ်တစ်လျှောက် မင်းကင်းအစပ်ထိ လှုပ်ရှားသည်။

တပ်မဟာ ၉၇၂ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်- နမ့်တောစံပြကျေးရွာမှ ဥရုချောင်းတစ် လျှောက်၊ ဆယ်ဇင်း-ဖားကန့်၊ အင်းတော်ကြီးတစ်လျှောက်၊ ကားမိုင်းဒေသ စသည့် နယ်မြေများတွင် လှုပ်ရှား သည်။

တပ်မဟာ ၈၉၁ သည် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်၊ သောင်သွတ်၊ ချင်းတွင်းတစ်ဖက်ကမ်း သနန့်မြို့ သစ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ အိန္ဒိယနယ်စပ်တို့တွင် လှုပ်ရှားသည်။

တပ်မဟာ ၆၁၄ သည် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်၊ ဝန်သိုအစပ်နှင့် အထက် ကချင်ပြည်နယ် သံလမ်းရိုးတစ်လျှောက် လှုပ်ရှားသည်။

ရှမ်းနီတိုင်းရင်းသားများကို တွေ့ရစဉ်

SNA ၏ လှုပ်ရှား နယ်မြေများတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)တို့ တိုက်ပွဲများဖြစ်ကာ ဒေသတည်ငြိမ်မှု ပျက်ပြားလျက်ရှိသည်။ ထို့ကြောင့် SNA သည် ရှမ်းနီနယ် မြေ တည်ငြိမ် အေးချမ်းရေးအတွက် ကာကွယ်ရန် တာဝန်ရှိလာသလို ဒေသတွင်းနေ တိုင်းရင်းသားလူမျိုးပေါင်း စုံကို စောင့်ရှောက်ရန်လည်း တာဝန်ရှိလာသည်။

SNA ၏ နိုင်ငံရေး ရည်မှန်းချက် ၅ ရပ်ဖြစ်သည့် (၁) ဒေသခံ ပြည်သူလူထုအပေါ် လက်နက်ကိုင် အနိုင်ကျင့် ဗိုလ် ကျစိုးမိုးနေမှုများကို ကာကွယ်သွားမည်၊ (၂) မူးယစ်ဆေးဝါး အန္တရာယ်များကို ကာကွယ်သွားမည်၊ (၃) ဒေသတွင်း ရှိ ပြည်သူလူထုများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုး မွေးမြူရေး၊ လူနေ မှု ဘဝမြှင့်တင်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြုလုပ်ဆောင်ရွက်သွားမည်၊ (၄) ဒေသတွင်းရှိ သဘာဝ ပတ်ဝန်းကျင်များကို ကာကွယ်၊ တားဆီး၊ ထိန်းသိမ်း၊ စောင့်ရှောက်သွားမည်၊ (၅) တိုင်းရင်းသားများ၏ တန်းတူ ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြားသော  တိုင်းရင်း သားများနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဟု ဆိုထားသည့်အတွက် ဒေသတည်ငြိမ်ရေးနှင့် ဒေသခံများကို ကာကွယ်စောင့်ရှောက်ရန် စဉ်းစားရမည်။

ထို့ကြောင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများတွင် မည်သည့် ဘက်ကနေ ပါဝင် တိုက်ခိုက်မလဲ၊ မည်သည့်ဘက်မှ မပါဝင်ဘဲ သီးသီးသန့်သန့် နေပြီးတော့ ကာကွယ်ရေး မဟာဗျူဟာကို ကျင့်သုံး မလား SNA အနေဖြင့် စဉ်းစားရမည့် အနေအထားမှာ ရှိနေနိုင်သည်။

အဆိုပါ အခင်းအကျင်း ၂ ရပ်အတွင်းမှာ အဆိုးအကောင်း တွဲဖက်နေမည် ဖြစ်သည့်အတွက် သေချာစဉ်းစားပြီးမှ မဟာဗျူဟာချ ဆောင်ရွက်ရမည့် အနေအထားလည်း ဖြစ်နေလိမ့်မည်။

မြန်မာ့တပ်မတော်ဘက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်ချင်နေသည့်အတွက် KIA-PDF လှုပ်ရှားမှု ကို ထိန်းချုပ်လိုသည့် အနေအထားရှိနေနိုင်သည်။ ထို့ကြောင့် မည်သူက ရန်သူ၊ မည်သူက မဟာမိတ်ဖြစ်နိုင်သလဲ၊ မည်သူက ယာယီလက်တွဲဖော်ဖြစ်မလဲ စဉ်းစားကာ ချဉ်းကပ်မှုများလည်း လုပ်လာနိုင်သည်။

အလားတူ KIA-PDF ဘက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်ချင်နေသည့်အတွက် မြန်မာ့တပ်မတော် ကို ပိုမို အားကောင်းသည့် တိုက်ခိုက်မှုကို လုပ်နိုင်ရေးအတွက် အဟန့်အတား ဖြစ်နေနိုင်သည်ဟုဆိုသော တခြား သော အင်အားစုများကို တိုက်ခိုက် ရှင်းထုတ်ရေး လမ်းကြောင်းကို ရွေးနိုင်သလို မဟာမိတ်ဖွဲ့ကာ ကိုယ့်ဘက်ပါ အောင် ဆွဲခေါ်မည်ဆိုသော လမ်းကြောင်းကိုလည်း ရွေးချယ်လာနိုင်သည်။

HPDF-124 ကို တွေ့ရစဉ်

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းကနေ အထက်ပိုင်းအထိ လှုပ်ရှားနေသော SNA သည် မြန်မာ့ တပ်မတော် အတွက်ရော၊ KIA-PDF အတွက်ရော အရေးပါနေသည့် အနေအထားမှာ ဖြစ်နေသည်။ ထို အနေ အထားမှာ SNA ကို ပါအောင် စည်းရုံးနိုင်သည့်ဘက်က ပိုမို အားသာသည့် အနေအထားကို ရနိုင်ခြေရှိသည်။

မည်သည့်ဘက်ကမှ SNA ကို မဟာမိတ်ဖြစ်အောင် မစည်းရုံးနိုင်ဘူး၊ SNA ကလည်း မည်သည့် အင်အားစုနှင့်မှ မပူးပေါင်းဘဲ လွတ်လပ်တဲ့ အင်အားစု အနေဖြင့်ပဲ ရပ်တည်ပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဒေသတွင်း တည်ငြိမ် ရေးအတွက် ကာကွယ်မည်ဆိုလျှင်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မည်သည့်အင်အားစုမှ အသာစီးရ ဖို့ မဖြစ်နိုင်ပါ။

ထိုနေရာမှာ မေးစရာ တစ်ခုကတော့ SNA သည် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းနေသည်ဟု စွပ်စွဲမှုများလည်း ရှိ နေသည့် အခြေအနေဖြစ်သည်။ တခြားတစ်ဖက်မှာတော့ SNA သည် မြန်မာ့တပ်မတော်နှင့် ခန္တီးနှင့် ဟုမ္မလင်း ဒေသအတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် စွပ်စွဲမှုများက မှန်ကန်ရဲ့လား စဉ်းစားရပြန်သည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးမှာ အရေး ပါနေသည့် အခြေအနေမှာ ဖြစ်တည်နေသလို မဟာဗျူဟာနှင့်နည်းဗျူဟာ ချမှတ်မှု ချွတ်ချော်ခဲ့ပါကလည်း အန္တရာယ်များသည့် အနေအထားကို ရောက်သွားနိုင်သော အခြေအနေမှာလည်း ဖြစ်တည်နေသည်။

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ SNA လှုပ်ရှားနယ်မြေများအတွင်း တည်ငြိမ်အေးချမ်းမှု အခြေအနေ မည်သို့ ဖြစ်တည်လာမလဲဆိုသည်ကိုတော့ စောင့်ကြည့်ရပေတော့မည်။