CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁

မန်စီးတီးအသင်းဟာ လာမယ့် နွေရာသီမှာ နယ်သာလန် နောက်ခံလူ အကီကို ရောင်းချဖို့ အလေးအနက် စဉ်းစားမှုတွေ ပြုလုပ်နေပါတယ်။ 

၂၀၂၀ ခုနှစ်၊ သြဂုတ်လက ဘုန်းမောက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အကီဟာ မန်စီးတီးအသင်းအတွက် ၁၅၃ ပွဲကစားထားပြီး ၁၀ ဂိုးသွင်းယူကာ ဆုဖလား ၁၀ ခုရယူထားပါတယ်။ 

အကီဟာ မန်စီးတီးအသင်း တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာ အသင်းအတွက် ၄၁ ပွဲအထိ ပါဝင်ကစားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။ 

ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံပွဲပေါင်း ၂၀ သာ ပါဝင်ကစားနိုင်ခဲ့တဲ့ အကီဟာ ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားအဖြစ် သတ်မှတ်ခြင်း မခံရတော့ပါဘူး။ 

အကီဟာ မန်စီးတီးအသင်းက ဆွမ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ရပေမယ့် ဒီရာသီမှာ ၄ ပွဲသာ ပွဲထွက် လူစာရင်းထဲ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အကီကို တွေ့ရစဉ် 

TEAMtalk က မန်စီးတီးအသင်းဟာ နောက်ခံလူ အသစ်တစ်ဦး ခေါ်ယူချင်နေတာကြောင့် အကီကို ရောင်းချပြီး ပြောင်းရွှေ့ကြေးရှာဖွေဖို့ စဉ်းစားနေတယ်လို့ ဖော်ပြထားတာပါ။ 

အကီနဲ့ မန်စီးတီးအသင်းရဲ့ စာချုပ်ဟာ ၂၀၂၇ ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်လို့ အသင်းဟာ သူ့ကို နွေရာသီမှာ ရောင်းချဖို့ ရှိနေတာဖြစ်ပါတယ်။

လန်ဒန်ကလပ်တွေဖြစ်တဲ့ စပါးနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ အကီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နွေရာသီမှာ အသင်းခေါင်းဆောင် ဂူဟီကို ဆုံးရှုံးရမှာ ဖြစ်တဲ့အတွက် အကီကို သူ့ရဲ့နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာပါ။ 

အကီကတော့ လက်ရှိအချိန်မှာ မန်စီးတီးအသင်းအတွက် အပြည့်အဝ အာရုံစိုက်နေပြီး ရာသီကုန်ချိန်မှသာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ ရှိနေတာဖြစ်ပါတယ်။ 

Source: Sportsmole