CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းမှာ ပုံမှန်ကစားခွင့် မရရှိတဲ့ ကစားသမားတွေဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုလာမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
အာမိုရင်က “ဇန်နဝါရီမှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော် မသိပါဘူး။ ကျနော်တို့ အသင်းမှာတော့ အဖြစ် အပျက်တွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲရှိပြီး ကစားသမားအချို့ဟာ ပုံမှန်ကစားခွင့် မရကြပါဘူး။ သူတို့တွေဟာ ထွက်ခွာဖို့ တောင်းဆိုလာကြမှာဖြစ်ပြီး ဒါကြောင့် ကျနော်ဟာ အရာအားလုံးကို စီမံခန့်ခွဲရမှာပါ”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ကစားသမား ၂ ဦးဖြစ်တဲ့ ကိုဘီမေနူးနဲ့ ဇက်ခ်ဇီတို့ဟာ ဒီရာသီမှာ ပွဲကစားချိန် အကန့် အသတ်သာ ရရှိနေတဲ့အပေါ်မှာ စိတ်ပျက်နေကြပါတယ်။
သူတို့နှစ်ဦးဟာ ကလပ်အသင်းမှာ ပုံမှန်ကစားခွင့် မရဘူးဆိုရင် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့ နယ်သာလန်အသင်းရဲ့ လူစာရင်းတွေမှာ ပါဝင်ခွင့် ဆုံးရှုံးရမှာပါ။
အဲ့ဒါကြောင့် သူတို့နှစ်ဦးစလုံးဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပုံမှန်ကစားခွင့် ရနိုင်မယ့် အသင်းတွေထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

ကိုဘီမေနူးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ တောင်းဆိုခဲ့တာကို ယူနိုက်တက်အသင်းက ပယ်ချခဲ့တာပါ။
အင်္ဂလန်ကြယ်ပွင့် ကိုဘီမေနူးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပေမယ့် လူစားဝင်အဖြစ် ပါဝင်ရတာက ပိုပြီးများခဲ့ပါတယ်။
အီတလီကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဇက်ခ်ဇီဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၅ ပွဲသာ ပါဝင် ကစားထားရတာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကတော့ ဇန်နဝါရီမှာ သူတို့နှစ်ဦး အပါအဝင် ကစားသမားတွေ ထွက်ခွာဖို့ တောင်းဆိုလာမယ့် အလားအလာအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင် ကိုင်တွယ်ပြီးနောက်မှာ ကစားသမား ဝယ်ယူမှုအတွက် ပေါင်သန်း ၂၅၀ နီးပါး အသုံးပြုထားတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနိုင်တယ်လို့လည်း နည်းပြအာမိုရင်က ပြောခဲ့ပါတယ်။
Source: ESPN
