CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀

ပြည်နယ်သစ် ပေါ်ထွန်းရေးနှင့် ပတ်သက်ပြီး နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)က တင်ပြတောင်းဆိုခဲ့ကြောင်း PNLO တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူး ခွန်မင်းသိမ်းက CNI သတင်း ဌာနသို့ ပြောသည်။

နစကနှင့် PNLO တို့ ဇွန်လ ၁၆ ရက်မှ ၁၈ ရက်အထိ တွေ့ဆုံခဲ့ကြကြောင်း၊ တွေ့ဆုံမှုတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲစနစ် အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ ကြကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူး ခွန်မင်းသိမ်းက “ပြည်နယ်သစ် ပေါ်ထွန်းခွင့်ကတော့ ဒီလိုပါပဲ၊ ဒါကတော့ ကျနော်တို့ရဲ့ လိုအင်ဆန္ဒပေါ့နော်၊ ပြည်နယ် မရှိသေးတဲ့ အမျိုးသားတွေ တနေ့၊ တချိန်ကြရင် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ဆိုတဲ့မူ၊ ဥပဒေပြဋ္ဌာန်းချက်တွေ ရရှိနိုင်ရင် ကောင်းတယ်ဆိုတဲ့ အယူအဆပါပဲ၊ ခုချိန်မှာ အ‌ကောင်အထည်ဖော်ရမှာ မဟုတ်ပါဘူး။ နောက်အနှစ် ၁၀ လည်း ဖြစ်နိုင်တယ်၊ အနှစ် ၂၀ လည်း ဖြစ်နိုင်တယ်၊ အဲဒီ သဘောမျိုးပါပဲ။ လောလောဆယ်မှာတော့ ဥပဒေအရ ဒီ ၂၀၀၈ ဆိုတာ လောက်ပဲ သူတို့ အနေအထားရှိပြန်တော့လည်း သိပ်ပြီးတော့ အရမ်းခက်ခဲသေးတဲ့ အနေအထားမျိုးလည်း သွားရှိနေတာပေါ့။ ဒါကတော့ လောလောဆယ် ကျနော်တို့ မျှော်မှန်းချက်အနေနဲ့ပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

နစကနှင့် PNLO ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ် လာမည့် ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) နှင့် ကျင်းပ မည်ဖြစ်ကြောင်း၊ ထို့အတူ လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာများကို အားလုံးပါဝင်ဖြေရှင်းရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

NSPNC နဲ့ PNLO ငြိမ်းချမ်းရေး ဆွေးနွေးစဉ်

ထို့နောက် နှစ်ဖက် ဆွေးနွေးချက်များကို အသေးစိတ်ပြောပြ၍ မရကြောင်း ဗိုလ်မှူး ခွန်မင်းသိမ်းက ပြောသည်။

၎င်းက “အဲဒါက‌တော့ ဒီလိုပါ။ ပအိုဝ်းအတွက် ရည်ရွယ်ပြီးပြောတာ မဟုတ်ဘူး။ တနေ့၊ တချိန်ကြရင် မွန်ပြည်နယ်လည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်လည်း ကရင်ပြည်နယ်၊ အဲဒီပြည်နယ်တိုင်း၊ ပြည်နယ်တိုင်းမှာ မိမိပြည်နယ်နဲ့ သင့်လျော်တဲ့၊ မိမိ အခြေအနေနဲ့ သင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်တယ် ဆိုလို့ရှိရင် ပိုပြီးတော့ သူတို့အတွက် ပိုပြီးတော့ အဆင် ပြေ မလားဆိုတဲ့ ယူဆချက်နဲ့ပါ။ အဲဒါကြောင့် ဒုတိယဥက္ကဋ္ဌက အဲဒီစကားပြောတာပါ။ ပအိုဝ်းကတော့ ပြည်နယ်လည်း မရှိ သေးဘူး။ လက်ရှိမှာလည်းပဲ ဒီ ၂၀၀၈ အရ ဆိုလို့ရှိရင်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုလို့ရှိရင် ဒီပြည်နယ် ဖွဲ့စည်းပုံ ကတော့ ပြောလို့တာ ပြောနေရတာ အဲဒီပုံစံမျိုးတော့ မဟုတ်သေးဘူးလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် နစက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို PNLO နှင့် “ဝ” ပြည်သွေးစည်ညီညွတ်ရေး တပ်မတော် (UWSA) တို့က ပြည်နယ်သစ် ဖွဲ့စည်းရန် ဆွေးနွေးခဲ့သလို၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)မှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ "ဝ"၊ ပအိုဝ်း၊ ပလောင် အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းက ရှမ်းနီ လူမျိုးများသည် ပြည်နယ်သစ်များ ဖွဲ့စည်းပေးရန် တောင်းဆိုမှုများ ရှိသည်။