CNI International News

မနီလာ၊ ဒီဇင်ဘာ ၃

တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်၏အထူးစီးပွားရေးဇုန် (EEZ) တွင် ရုရှားတိုက်ခိုက်ရေး ရေငုပ်သင်္ဘော တည်ရှိနေမှုကို အလွန်စိုးရိမ်မိကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်(Ferdinand Marcos Jr) က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

"ဒါက အရမ်းစိုးရိမ်စရာ ကောင်းပါတယ်။ ကျနော်တို့ရဲ့ အထူးစီးပွားရေးဇုန်ဖြစ်တဲ့ အနောက်ဖိလစ်ပိုင် ပင်လယ်ထဲ ကို ကျူးကျော်ဝင်ရောက်မှုဟာ အရမ်းကို စိုးရိမ်ဖို့ ကောင်းပါတယ်"ဟု မားကို့စ်က ပြောသည်။

နိုဝင်ဘာ ၂၈ ရက်က ရုရှားရေငုပ်သင်္ဘောကို Cape Calavite အငူ၏ အနောက်ဘက် ၉၂ မိုင်အကွာတွင် တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် ရိုင်ဗင်းဆင့် ထရီနီဒတ်(Roy Vincent Trinidad )က ဒီဇင်ဘာ ၂ ရက်၌ ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ရေတပ်က ရုရှားရေငုပ်သင်္ဘောနှင့် ရေဒီယို ဆက်သွယ်မှု ပြုလုပ်ခဲ့ရာ၌ ယင်းရေငုပ်သင်္ဘော၏ အမျိုးအစားသည် UFA 490 ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၎င်း၏ရည်ရွယ်ချက်ကို သိရှိခဲ့သည်ဟု ဆိုသည်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်ကို တွေ့ရစဉ်

"ရုရှားရေငုပ်သင်္ဘောဟာ ဗလာဒီဗော့စတော့ကို မထွက်ခွာမီ ရာသီဥတု အခြေအနေ ကောင်းမယ့်အချိန်ကို စောင့်နေတယ်လို့ ပြောပါတယ်"ဟု ထရီနီဒတ်က ပြောကြားခဲ့သည်။

သို့သော် ထိုနေရာသို့ မည်သည့်အတွက်ကြောင့် ရောက်ရှိနေရခြင်းကို အသေးစိတ် ပြောကြားခဲ့ ခြင်းမရှိပေ။

ဖိလစ်ပိုင်ရေတပ်က ပင်လယ်ရေကြောင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရေငုပ်သင်္ဘောအား လုံခြုံရေး ယူထားပေးခဲ့ကြောင်း ၎င်းက ထပ်မံပြောပြခဲ့သည်။

မနီလာမြို့တော်ရှိ ဖိလစ်ပိုင်သံရုံးကမူ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားထားခြင်း မရှိပေ။

ရုရှား၏ ကီလိုအမျိုးအစား ရေငုပ်သင်္ဘောများသည် အသံအတိတ်ဆုံး ရေငုပ်သင်္ဘောများတွင် အပါအဝင်ဖြစ်ပြီး  ၁၉၈၀ ပြည့်နှစ်ဝန်းကျင် ကတည်းက အဆက်မပြတ် ပြုပြင်မွမ်းမံမှုများ ပြုလုပ်လာခဲ့သည်။

Source: ရိုက်တာ