CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂
တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်သို့ ရောက်လာစေရန် တော်လှန်ရေး လုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAOs)များသည် NCA ထိုးထားသူများနှင့် Bilateral အရင်ထိုးသင့်သည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
ALP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးထားသော အဖွဲ့ဖြစ်သည်။
မပြီးပြတ်သေးသည့် ဆွေးနွေးမှုများကို ပြီးပြတ်အောင် ပြောဆိုခြင်းအားဖြင့် နိုင်ငံရေးစင်မြင့်ပေါ်သို့ ရောက်လာ စေရန် မည်သည့်ပုံစံဖြင့် လမ်းကြောင်းဖွင့်ပေးမည်ကို အစိုးရမှ စဉ်းစားဖို့လိုကြောင်း ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးစင်မြင့်ပေါ်ကို ရောက်လာဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ က NCA လက်မှတ် ရေးထိုးထားကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ Bilateral အရင်ထိုးနိုင်သင့်တယ်။ မဟုတ်ရင် သူတို့တွေက တော့ ပွဲတွေမှာ ဖိတ်တယ်။ ပြီးရင် ပုဂ္ဂိုလ်တွေနဲ့ စကားပြောတယ်။ မပြီးပြတ်သေးတဲ့ ဆွေးနွေးမှုတွေ ဖြစ်နေသေး တယ်။ အဲဒါကို ပြီးပြတ်အောင် ပြောခြင်းအားဖြင့် နိုင်ငံရေးစင်မြင့်ပေါ်ကို ရောက်လာဖို့အတွက် လမ်းကြောင်း တစ်ကြောင်း ဘယ်လိုပုံစံမျိုး ဖွင့်ပေးရမှာလဲ။ အစိုးရမှာ စဉ်းစားဖို့ တစ်ခုလိုတယ်။ အဲဒါကတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ကိစ္စကို ပြောဆိုခြင်းဖြစ်တယ်လို့။ တခြားသော နိုင်ငံရေးပါတီ တွေနဲ့ နိုင်ငံရေးစင်မြင့်မှာ စကားပြောတယ်ဆိုတာကတော့ နိုင်ငံရေးပါတီတွေသည် ရွေးကောက်ပွဲဝင်မယ်၊ လွှတ်တော်ပေါ်အောင် ကြိုးပမ်းမယ်၊ ဒီနိုင်ငံမှာ လိုအပ်တဲ့ အစိုးရဌာနအသီးသီး၊ မြို့နယ်၊ ပြည်နယ် ဒေသတွေမှာ တာဝန်ယူမယ်။ အဲဒါတွေကတော့ စစ်ပွဲမဖြစ်တဲ့၊ မရှိတဲ့ နိုင်ငံတိုင်းမှာပဲ ကောင်းတယ်။ အခုက စစ်ပွဲဖြစ်တဲ့ နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ပထမဆုံးအနေနဲ့ စစ်ကို ရပ်စဲဖို့လိုလိမ့်မယ်။ တစ်ဖက်မှာလည်း စစ်မတိုက်တော့ဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီး အဖြေရှာမယ်ဆိုပြီးတော့မှ NCA အပေါ်မှာ သစ္စာရှိရှိ သွားနေကြတဲ့ အဖွဲ့အစည်းတွေနဲ့ တစ်ဖွဲ့ချင်းစီနဲ့ တိုင်ပင်ဆွေးနွေးပြီး စကားပြောဖို့က အင်မတန်မှ အရေးကြီးတယ်လို့ မြင်ပါ တယ်” ဟု ပြောသည်။
တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များကိုတွေ့ရစဉ်
နစကဥက္ကဋ္ဌသည် ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန် လိုအပ်ကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့က ပြောဆိုခဲ့သည်။
ထို့အပြင် လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင်လာရေး အချိုးကျကိုယ်စားပြုစနစ် (PR) ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသား လွှတ်တော်တွင် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေကြောင်း တဆက်တည်း ပြောကြားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးဆွေးနွေးမှု အဝိုင်းအဝန်းထဲသို့ ဝင်ပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရန်မှာ ယခင်ကတည်း ရည်မှန်းချက်ရှိပြီးသားဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ထိုအခင်းအကျင်းများ ကွယ်ပျောက်ပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်လာကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိုင်းရင်းသားတွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီပဲဖြစ်ဖြစ် ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့က နိုင်ငံရေးဆွေးနွေးမှု အဝိုင်းအဝန်းထဲကိုဝင်ဖို့၊ အတူတကွ ပူးပေါင်းလုပ်ဆောင် ကြဖို့က ကျနော်တို့ ဟိုးနဂိုကတည်းက ရည်မှန်းချက်ရှိပြီးသား။ အာသီသ ပြင်းပြမှု ရှိပြီးသား ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အဲဒီအခင်းအကျင်းတွေက ကွယ်ပျောက်သွားတဲ့ အချိန်မှာကတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်။ တိုက်ခိုက်မှုတွေ ဘာတွေ ဖြစ်လာတယ်။ နိုင်ငံရေးဆွေးနွေးတဲ့ အခင်းအကျင်းကြ တော့ လုံးဝကို ပိတ်လုပိတ်ခင် ကျဉ်းမြောင်းနေတဲ့ ကာလတစ်ခုဖြစ်တယ်။ နိုင်ငံတော်ရဲ့ တာဝန်ကို ယူထားတဲ့ SAC အနေနဲ့က ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးအကျိုးကို ရှေးရှုပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ အခက်အခဲရှိနေပေမယ့် နိုင်ငံရဲ့ အရေးအရာ တာဝန်များအားလုံးကို ယူထားတဲ့ အစုအဖွဲ့တွေအနေနဲ့ကတော့ တိုင်းရင်းသားတွေထက် ပိုပြီး အမြင် ကျယ်၊ သဘောထားကြီးပြီးတော့ ပိုပြီးတော့ သည်းခံစာနာပြီး ပြည်ထောင်စုအနာဂတ် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အခင်းအကျင်းတွေ ပေါ်ပေါက်လာဖို့ လုပ်ဆောင်မယ်ဆိုရင် ဖြစ်သင့် ဖြစ်ထိုက် ဖြစ်စေချင်တဲ့ တိုင်းရင်းသားများ အားလုံး၊ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းကတော့ အခက်အခဲ အမျိုးမျိုးကြားက ပေါ်ပေါက်လာမှာပါ ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
နိုင်ငံရေးပြဿနာများအား နိုင်ငံရေးဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းပါက လွတ်လပ်သော်လည်း မငြိမ်းချမ်း သည့် အခြေအနေကို ပေါ်ပေါက်စေမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်နေသည့် ပဋိပက္ခများကို လျှော့ချပြီး တွေ့ဆုံ ဆွေးနွေးရေးဖြင့် အဖြေရှာနိုင်ကြောင်း နစကဥက္ကဋ္ဌမှ အမျိုးသားနေ့ သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့ သည်။
လက်ရှိတွင် NCA ကို RCSS၊ ALP၊ NMSP၊ LDU၊ KNU/KNLA-PC၊ DKBA၊ PNLO၊ KNU၊ CNF၊ ABSDF တို့ လက်မှတ် ထိုးထားသည်။
သို့သော် KNU၊ CNF၊ ABSDF တို့ အပါအဝင် NCA မထိုးရသေးသည့် KIA၊ AA၊ TNLA၊ MNDAA၊ KNPP တို့က မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသလို NDAA၊ UWSA၊ SSPP တို့ကတော့ ကြားနေအဖြစ် ရပ်တည်လျက်ရှိနေ သည်။