CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂
ထိုင်းနိုင်ငံတွင် တစ်ချိန်က ဩဇာကြီးမားခဲ့သည့် နိုင်ငံရေးအုပ်စုဖြစ်သည့် ပြည်သူ့ဒီမိုကရေစီမဟာမိတ် (PAD) အဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သည့် ဆွန်ဒီ လင်မ်သွန်ကူလ် (Sondhi Limthongkul) သည် အစိုးရအတိုက်အခံ တစ်ဦးအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
အသက် ၇၇ နှစ် အရွယ်ရှိပြီဖြစ်သည့် ဆန္ဒပြ ခေါင်းဆောင်ဟောင်း ဆွန်ဒီက လက်ရှိဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) လက်ထက်တွင် အားနည်းချက် အများအပြားရှိကြောင်း ထောက်ပြခဲ့သည်။
ပေတုန်တန် အစိုးရအဖွဲ့သည် အမျိုးသားရေး အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်နေခြင်း မရှိကြောင်းလည်း ဆွန်ဒီက ဝေဖန်ခဲ့သည်။
ဆွန်ဒီက သူသည် ကမ္ဘောဒီးယားနှင့် ထိုင်းအကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာနှင့် ပတ်သက် ပြီး အစိုးရထံမှ ရှင်းလင်းတင်ပြချက်များကို တောင်းခံရန် ဒီဇင်ဘာ ၉ ရက်တွင် အစိုးရအိမ်တော်သို့ သွားရောက် မည်ဟု ပြောကြားခဲ့သည်။
ထိုနားလည်မှု စာချွန်လွှာကို သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) လက်ထက် ၂၀၀၁ ခုနှစ်က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး ထိုနားလည်မှု စာချွန်လွှာတွင် ကမ္ဘောဒီးယားနှင့် ပင်လယ်ရေကြောင်း နယ်နိမိတ်ပိုင်ဆိုင်ရေး အငြင်းပွားမှုကို ညှိနှိုင်းဆောင်ရွက်ရန် အစီအစဉ်များ ပါဝင်သည်။
သက်ဆင်နဲ့ ပေတုန်တန်ကို တွေ့ရစဉ်
အဆိုပါ နားလည်မှု စာချွန်လွှာသည် ထိုင်းပင်လယ်ကွေ့တွင် ကမ္ဘောဒီးယား၏ ပိုင်ဆိုင်ကြောင်း ထွက်ဆိုချက်ကို လက်ခံထားသဖြင့် ထိုနေရာတစ်ဝိုက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ထိုင်းဘက်က လက်လွှတ်ဆုံးရှုံး ရနိုင်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။
အာဏာရ ဖြူးထိုင်းပါတီကမူ ၎င်းတို့၏ ရန်သူဖြစ်သည့် ဆွန်ဒီသည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုက လူအများအပြား ပါဝင်သည့် ဆန္ဒပြမှုကို ဦးဆောင်နိုင်ခဲ့သော်လည်း လက်ရှိတွင် နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲကြောင့် လူအများအပြားကို စည်းရုံးနိုင်ခြေမရှိကြောင်း ပြောကြားခဲ့သည်။
ဆွန်ဒီသည် ထိုင်းနိုင်ငံရေးလောကတွင် ၂၀၀၀ ပြည့်နှစ် အစောပိုင်းများကတည်းက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
၂၀၀၈ ခုနှစ်က ဆန္ဒပြမှုများ အရှိန်အမြင့်ဆုံး ကာလများတွင် ရှပ်ဝါဆန္ဒပြသူများသည် ဘန်ကောက်မြို့တော်ရှိ လေဆိပ်နှစ်ခုနှင့် အစိုးရအိမ်တော်တို့ကို ဝင်ရောက်စီးနင်းခဲ့သည်။
၂၀၀၉ ခုနှစ်တွင်မူ ဆွန်ဒီသည် ၎င်း၏ ရုံးခန်းအနီး ဗန်ကားထဲတွင် ရှိနေချိန်၌ လက်နက်ကိုင်များ၏ ခြုံခို တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
Source: Thai PBS World