CNI International News
ဒါကာ၊ ဇွန်လ ၃
ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံကြား နယ်စပ်ဖြတ်ကျော် ရေခွဲဝေသုံးစွဲရေးဆိုင်ရာ သဘောတူညီချက်များ ရရှိရန် သံတမန်နည်းလမ်းအရ ကြိုးပမ်းခဲ့သော်လည်း ထိရောက်သော ရလဒ်များ ထွက်ပေါ်မလာခဲ့သဖြင့် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်သည် ရေအရင်းအမြစ် စီမံခန့်ခွဲမှုအတွက် တရုတ်နိုင်ငံ၏ အကူအညီကို ရယူရန် ကြိုးပမ်းလာခဲ့ ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သည် လူသန်းပေါင်းများစွာကို ထိခိုက်စေခဲ့သည့် မိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံမှုနှင့် ရေငန်များ ဝင်ရောက်မှုပြဿနာကို ဖြေရှင်းရန် ဆည်များနှင့် ရေလှောင်တမံ စီမံကိန်းများကို တွန်းအားပေး လုပ်ဆောင်နေ ချိန်တွင် တရုတ်နိုင်ငံ၏ နည်းပညာနှင့်ဘဏ္ဍာရေး အကူအညီများကို ပိုမိုရယူရန် ခြေလှမ်းပြင်လာခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံအကြား နယ်စပ် ဖြတ်ကျော်ပြီး စီးဆင်းနေသည့် မြစ်ပေါင်း ၅၄ စင်း ရှိသည့်အနက် တီစတာမြစ် (Teesta River) သည် ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်း စိုက်ပျိုးရေးကဏ္ဍအတွက် အသက်သွေးကြော ဖြစ်သည်။
နှစ်နိုင်ငံကြား တီစတာမြစ်ရေ ခွဲဝေသုံးစွဲရေး သဘောတူညီချက်တစ်ရပ် ရရှိရန် ဆယ်စုနှစ် တစ်ခုကျော်ကြာ ကြိုးပမ်းခဲ့သော်လည်း အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် (West Bengal) အစိုးရ၏ ကန့်ကွက်မှုကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေခဲ့သည်။

တရုတ်အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ် တည်ဆောက်လိုတဲ့ ရေလှောင်တမံ ဒီဇိုင်းကို တွေ့ရစဉ်
အကျိုးဆက် အနေဖြင့် နွေရာသီတွင် အိန္ဒိယဘက်က ရေလွှဲဆည်များဖြင့် ပိတ်ဆို့ထား၍ ဘင်္ဂလားဒေ့ရှ်ဘက်၌ မြစ်ရေခမ်းခြောက်ကာ စိုက်ပျိုးမြေ အများအပြား မိုးခေါင်မှုဒဏ် ခံရကြောင်း၊ မိုးရာသီတွင်မူ အိန္ဒိယဘက်မှ ရေ အလွန်အကျွံ ဖွင့်ချခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးရေလျှံမှုများကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။
အိန္ဒိယနှင့် သံတမန်နည်းအရ ဆွေးနွေးမှုများ အရာမထင်တော့သည့် နောက်တွင် ဘင်္ဂလားဒေ့ရှ်သည် တရုတ် နိုင်ငံ၏ အကူအညီဖြင့် ကုန်ကျစရိတ် ကြီးမားသော တီစတာမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်းကို အကောင် အထည်ဖော်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။
ဒေါ်လာ ၁ ဘီလျံနီးပါး ကုန်ကျမည့် အဆိုပါ စီမံကိန်းတွင် မြစ်ကြောင်းများကို ပြန်လည်တူးဖော်ခြင်း၊ မြစ်ကမ်း ပါးများ မြှင့်တင်ခြင်းနှင့် မိုးရာသီတွင် ရေကို သိုလှောင်ပြီး နွေရာသီတွင် ပြန်လည်အသုံးပြုနိုင်မည့် အကြီးစား ရေလှောင်တမံများ တည်ဆောက်ခြင်းတို့ ပါဝင်သည်။
ထိုစီမံကိန်း အောင်မြင်ပါက ဘင်္ဂလားဒေ့ရှ် အနေဖြင့် အိန္ဒိယဘက်မှ စီးဆင်းလာမည့် ရေအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရသည့် အခြေအနေကို လျှော့ချနိုင်မည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရေအရင်းအမြစ်ကို တွေ့ရစဉ်
အိန္ဒိယအစိုးရကမူ မိမိတို့နှင့် နယ်စပ်ချင်း ထိစပ်နေသည့် မဟာဗျူဟာမြောက် နယ်မြေများအနီးတွင် တရုတ်နိုင်ငံ က အခြေခံ အဆောက်အအုံများနှင့် နည်းပညာရှင်များ စေလွှတ်ကာ အခြေစိုက်လာမည့် အရေးကို အလွန် စိုးရိမ် လျက်ရှိသည်။
သို့သော် ရာသီဥတု ဖောက်ပြန်မှုဒဏ်နှင့် ရေအရင်းအမြစ် ရှားပါးမှုဒဏ်ကို နှစ်စဉ် အလူးအလဲ ခံနေရသည့် ဘင်္ဂလားဒေ့ရှ် အစိုးရအတွက်မူ အမျိုးသား အကျိုးစီးပွားနှင့် ပြည်သူ့စားနပ်ရိက္ခာ ဖူလုံရေးအတွက် အိန္ဒိယ၏ သံတမန်ရေးထက် တရုတ်၏ လက်တွေ့ကျသော အကူအညီကို ရွေးချယ်ရမည့် အခြေအနေသို့ ရောက်ရှိနေသည်။
ထိုကဲ့သို့ ဘင်္ဂလားဒေ့ရှ်က တရုတ်ဘက်သို့ ယိမ်းယိုင်လာမှုသည် ရေအရင်းအမြစ်ဆိုင်ရာ ပဋိပက္ခတစ်ခုသာ မဟုတ်ဘဲ တောင်အာရှဒေသတွင်း အိန္ဒိယနှင့် တရုတ်တို့အကြား ဩဇာလွှမ်းမိုးရေး ယှဉ်ပြိုင်မှုကိုပါ ပိုမို ပြင်းထန် လာစေမည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
Source: Nikkei Asia
