CNI International News

နယူးဒေလီ၊ ဒီဇင်ဘာ ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦးကို လူအုပ်စုက ဝိုင်းဝန်းရိုက်နှက်ကာ မီးရှို့သတ်ဖြတ် ခဲ့သည့် ဖြစ်ရပ်အပေါ် တုန့်ပြန်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ၏ နယူးဒေလီမြို့တော်တွင် ဒီဇင်ဘာ ၂၃ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုဖြစ်ရပ်သည် အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကြား ဆက်ဆံရေး တင်းမာလာနေသည့် လက္ခဏာရပ်သစ်တစ်ခု ဖြစ်လာခဲ့သည်။

နယူးဒေလီမြို့တော်တွင် ပြုလုပ်သော ထိုဆန္ဒပြပွဲကို ဟိန္ဒူအမျိုးသားရေးဝါဒီ အဖွဲ့အစည်းဖြစ်သည့် Vishva Hindu Parishad က အဓိက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းသည် တောင်အာရှတွင် တည်ငြိမ်မှုရှိသော ဆက်ဆံရေးအဖြစ် ရှုမြင်ခံရလေ့ရှိသည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကြား ဆက်ဆံရေး ကျိုးပျက်လွယ်နေသည့် အခြေအနေကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ကျောင်းသားခေါင်းဆောင် ရှာရစ်ဖ် အော့စမန် ဟာဒီ (Sharif Osman Hadi) သည် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဒါကာမြို့တွင် သေနတ်ဖြင့် အပစ်ခံရပြီးနောက် စင်ကာပူနိုင်ငံရှိ ဆေးရုံတစ်ခုတွင် ဒီဇင်ဘာ ၁၈ ရက်က သေဆုံးသွားခဲ့သည်။

ဆန္ဒပြသူများကိုတွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က သံသယရှိသူများကို ဖော်ထုတ်နိုင်ခဲ့ပြီး သေနတ်သမားမှာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ဟာဒီ သေဆုံးမှုကြောင့် ဒါကာမြို့တော်တွင် ဆူပူအုံကြွမှုများဖြစ်ပွားခဲ့ကာ သတင်းစာတိုက် နှစ်ခု မီးရှို့ခံခဲ့ရပြီး အိန္ဒိယ သံတမန်ရုံးများလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်။

ထိုပဋိပက္ခများအတွင်း ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရခြင်းကြောင့် ဒီဇင်ဘာ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ၌ ဆန္ဒပြပွဲများ ဖြစ်ပွားလာရခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် နယူးဒေလီမြို့တော်ရှိ ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီးရုံးအနီးသို့ စုဝေးရောက်ရှိလာကြပြီး ကြွေးကြော်သံများ အော်ဟစ်ကာ ဘင်္ဂလားဒေ့ရှ် အဖွဲ့အစည်းများသည် လူနည်းစုများကို မတရားသဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

အာဏာပိုင်များသည် သံတမန်နယ်မြေတစ်ဝိုက်တွင် အတားအဆီးများ ချမှတ်ကာ ရဲတပ်ဖွဲ့ဝင်များနှင့် သံချပ်ကာကားများ အသုံးပြု၍ လုံခြုံရေးကို တင်းကျပ်စွာ ချထားခဲ့သည်။

Source: အေပီ