CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ၂၄

Greenland ကျွန်းသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် လိုအပ်သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြုပြောကြားခဲ့ကြောင်း  ရိုက်တာမှ ဖော်ပြခဲ့သည်။

အာတိတ်ဒေသရှိ ထိုကျွန်းနှင့် ပတ်သက်ပြီး ၎င်းခန့်အပ်လိုက်သော အထူးကိုယ်စားလှယ်က တာဝန်ယူလုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

ထရမ့်သည် လူဝီစီယားနားပြည်နယ် (Louisiana) အုပ်ချုပ်ရေးမှူး ဂျက်ဖ် လန်းဒရီ (Jeff Landry) ကို Greenland ကျွန်းဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်တွင် အမည်စာရင်း တင်သွင်းခဲ့သည်။

တွင်းထွက်သတ္တုအရင်းအမြစ် ကြွယ်ဝသော ထိုကျွန်းကို အမေရိကန်၏ စိတ်ဝင်စားမှုနှင့် ပတ်သက်ပြီး ဒိန်းမတ်နှင့် Greenland ကျွန်းအာဏာပိုင်များဘက်မှ ဝေဖန်ကန့်ကွက်မှုများ တစ်ကျော့ပြန် ထွက်ပေါ်လာခဲ့သည်။

ထရမ့်နဲ့ လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးတို့ကိုတွေ့ရစဉ်

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုဖြစ်သော Greenland ကျွန်းသည် တည်နေရာအရ မဟာဗျူဟာမြောက် အရေးပါမှုနှင့် သတ္တုသယံဇာတ ကြွယ်ဝမှုတို့ကြောင့် အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသင့်ကြောင်း ထရမ့်က ယခင်ကတည်းက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် လူဝီစီယားနားပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်စတင် ထမ်းဆောင်ခဲ့သော လန်းဒရီကလည်း ထိုအယူအဆကို လူသိရှင်ကြား ထောက်ခံထားသူဖြစ်သည်။

ဖလော်ရီဒါပြည်နယ် Palm Beach တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထရမ့်က "ကျွန်တော်တို့ Greenland ကို လိုအပ်တာဟာ အမျိုးသားလုံခြုံရေးအတွက်ပါ၊ သတ္တုသယံဇာတတွေအတွက် မဟုတ်ပါဘူး။ Greenland ရဲ့ ကမ်းရိုးတန်းတစ်လျှောက်ကို ကြည့်လိုက်မယ်ဆိုရင် ရုရှားနဲ့ တရုတ်သင်္ဘောတွေ နေရာအနှံ့မှာ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေးအရ ကျွန်တော်တို့ ဒါကို လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒါကို ရအောင်ယူရမယ်" ဟု ပြောကြားခဲ့သည်။

ထရမ့်ကိုတွေ့ရစဉ်

လန်းဒရီကလည်း ထိုကိစ္စကို ဦးဆောင်လုပ်ဆောင်ရန် ဆန္ဒရှိနေကြောင်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။

သို့သော် ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင် (Mette Frederiksen) နှင့် Greenland ဝန်ကြီးချုပ် ဂျန်စ်-ဖရက်ဒရစ် နီလ်ဆင် (Jens-Frederik Nielsen) တို့ကမူ Greenland သည် Greenland ကျွန်းသူ၊ ကျွန်းသားများနှင့်သာ သက်ဆိုင်ကြောင်း ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

"အခြားနိုင်ငံတစ်ခုကို အင်အားသုံးသိမ်းပိုက်လို့ မရပါဘူး။ နိုင်ငံတကာလုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့တောင် လုပ်ပိုင်ခွင့်မရှိပါဘူး။ Greenland ဟာ Greenland ကျွန်းသူ၊ ကျွန်းသားတွေပိုင်တာဖြစ်ပြီး၊ အမေရိကန်အနေနဲ့ Greenland ကို လွှဲပြောင်းရယူခွင့်မရှိစေရဘူး" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: ရိုက်တာ