CNI Internaitonal News

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) ၏ အစီရင်ခံစာမူကြမ်းအရ တရုတ်နိုင်ငံသည် ၎င်း၏ နောက်ဆုံးပေါ် မြေအောက်ဒုံးကျည်စခန်း ၃ ခုတွင် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) အစင်းရေ ၁၀၀ ကျော်ကို တပ်ဆင်ထားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် လက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုများပြုလုပ်ရန် ဆန္ဒမရှိကြောင်းလည်း အဆိုပါအစီရင်ခံတွင် ဖော်ပြထားပြီး တရုတ်၏ မြင့်တက်လာသည့် စစ်ရေးရည်မှန်းချက်များကို မီးမောင်းထိုးပြထားသည်။

ချီကာဂို (Chicago) မြို့အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Bulletin of the Atomic Scientists အဖွဲ့၏ အဆိုအရ တရုတ်နိုင်ငံသည် ၎င်း၏ လက်နက်သိုလှောင်မှုကို အခြားသော နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံများထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် တိုးချဲ့ကာ ခေတ်မီအောင် လုပ်ဆောင်နေကြောင်း သိရသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တရုတ်အစိုးရကမူ တရုတ်နိုင်ငံကို ဂုဏ်သိက္ခာညှိုးနွမ်းစေရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် နားလည်မှုလွဲစေသည့် ကြိုးပမ်းမှုများသာ ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုထားသည်။

တရုတ်မှ တိုက်ချင်းပစ်ဒုံးကျည်များ သယ်ဆောင်လာသည်ကို တွေ့ရစဉ်

ပြီးခဲ့သည့်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်းအနေဖြင့် တရုတ်၊ ရုရှားတို့နှင့်အတူ နျူကလီးယားလက်နက်များ ဖျက်သိမ်းရေး အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း Reuters သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည့် ပင်တဂွန်၏ အစီရင်ခံစာမူကြမ်းတွင်မူ တရုတ်အစိုးရသည် နျူကလီးယားလက်နက်များဖျက်သိမ်းရေးအစီအစဉ်ကို စိတ်ဝင်စားမှုရှိပုံ မရကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် အဆိုပါ အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် မွန်ဂိုလီးယားနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်အနီးရှိ မြေအောက်ဒုံးကျည်စခန်းများ၌ လောင်စာတောင့်သုံး DF-31 အမျိုးအစား တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) အစင်းရေ ၁၀၀ ကျော်ကို တပ်ဆင်ထားနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။

ပင်တဂွန်စစ်ဌာနချုပ်သည် ထိုစခန်းများ တည်ရှိနေကြောင်းကို ယခင်က အစီရင်ခံခဲ့ဖူးသော်လည်း တပ်ဆင်ထားသည့် ဒုံးကျည်အရေအတွက်ကိုမူ ယခုအကြိမ်မှသာ ပထမဆုံး ဖော်ပြခြင်းဖြစ်သည်။

ဝါရှင်တန်ရှိ တရုတ်သံရုံးကမူ တရုတ်နိုင်ငံသည် ခုခံကာကွယ်ရေး နျူကလီးယားမဟာဗျူဟာကိုသာ ကျင့်သုံးကြောင်း၊ နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်သည့် အနိမ့်ဆုံးအဆင့်တွင်သာ နျူကလီးယား အင်အားကို ထိန်းသိမ်းထားကြောင်းနှင့် နျူကလီးယားစမ်းသပ်မှုများ ရပ်ဆိုင်းထားရန် ကတိကဝတ်ကိုလည်း လိုက်နာစောင့်ထိန်းကြောင်း ပြောကြားခဲ့သည်။

Source: CAN