CNI International News

တိုကျို၊ ဇူလိုင် ၇

တရုတ်၏ ပင်လယ်ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများကို ဟန့်တားနေသော ဖိလစ်ပိုင်နိုင်ငံကို ကူညီအားဖြည့်သည့် အနေဖြင့် ဂျပန်က လက်ရှိ ရေတပ်တွင် အသုံးပြုနေသည့် ဖျက်သင်္ဘောများကို ဖိလစ်ပိုင်အား တင်ပို့ရောင်းချ သွားမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်းကို ရောင်းချမည့် Abukuma အမျိုးအစား ဖျက်သင်္ဘော ၆ စင်းသည် ဂျပန်ရေတပ်တွင် ဆယ်စုနှစ် ၃ စု ကျော်ကြား အသုံးပြုနေသည့် ဖျက်သင်္ဘောများဖြစ်သည်ဟု အမည်မဖော်ပြထားသော ဂျပန်အစိုးရ သတင်းရင်း မြစ်များကို ကိုးကားပြီး Yomiuri သတင်းစာက ဖော်ပြခဲ့သည်။

ထိုဖျက်သင်္ဘောများ ရောင်းဝယ်ရေးအတွက် ပြီးခဲ့သည့်လက စင်္ကာပူတွင် ပြုလုပ်ခဲ့သည့် ဂျပန်ကာကွယ်ရေး ဝန်ကြီး ဂျန် နာကာတာနီ (Gen Nakatani) နှင့် ဂျီလ်ဘာတို တီအိုဒိုရို (Gilberto Teodoro) တို့၏ အစည်းအဝေး ၌ သဘောတူညီခဲ့ခြင်းဖြစ်သည်။

သဘောတူညီမှု၏ နောက်ဆုံးအဆင့် အနေဖြင့် ဖိလစ်ပိုင်စစ်တပ်သည် ယခုနွေရာသီတွင် ထိုဖျက်သင်္ဘောများကို လေ့လာစစ်ဆေးရန် အဖွဲ့စေလွှတ်သွားမည်ဖြစ်သည်။

 ဖျက်သင်္ဘောကို တွေ့ရစဉ်

ထိုဖျက်သင်္ဘောများ ရောင်းဝယ်ရေးနှင့်ပတ်သက်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်စစ်တပ်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ရိုက်တာသတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို ချက်ချင်းမတုံ့ပြန်ခဲ့ပေ။

တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့်တရုတ် ထိပ်တိုက်တွေ့ဆုံမှု၊ အရှေ့တရုတ်ပင်လယ်တွင် ဂျပန်နှင့် တရုတ် ထိပ်တိုက်တွေ့ဆုံမှုများ အပါအဝင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း ဂျပန်နှင့် ဖိလစ်ပိုင်တို့က ပြောကြားခဲ့သည်။

ဂျပန်နှင့် ဖိလစ်ပိုင် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများအနက် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ၊ ဂျပန်၏ ရေဒါ နည်းပညာ အကူအညီနှင့် ထိပ်သီးအဆင့် မဟာဗျူဟာ ဆွေးနွေးမှုများလည်း ပါဝင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် ၎င်းတို့၏ စစ်တပ်များကို အပြန်အလှန် ဖြန့်ကြက် ချထားခွင့် ရှိသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

Abukuma အမျိုးအစား ဖျက်သင်္ဘောများသည် တန် ၂၀၀၀ အလေးချိန်ရှိ အသေးစား ဖျက်သင်္ဘောများဖြစ်ပြီး ရေငုပ်သင်္ဘောဖျက် ဒုံးကျည်များနှင့် သင်္ဘောဖျက် ဒုံးကျည်များ၊ တော်ပီဒိုများနှင့် စစ်လက်နက် အမြောက်များ တပ်ဆင်နိုင်ကာ သင်္ဘောအမှုထမ်း ၁၂၀ ဖြင့် စစ်ဆင်ရေး ပြုလုပ်နိုင်သည်။

Source: ရိုက်တာ