CNI International News

ဝါရှင်တန်၊ ဇူလိုင် ၇

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မာ့စ် (Elon Musk) က  “အမေရိကပါတီ” အမည်ရှိ ပါတီသစ်ကို ဖွဲ့စည်း ထူထောင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ပါတီသစ် ထူထောင်မှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အီလွန်မာ့စ် အကြား ညီရင်းအစ်ကို ဆက်ဆံရေး တစ်စထက်တစ်စ ပိုမိုခွာပြဲလာသည့် လက္ခဏာတစ်ရပ် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မာ့စ်သည် ထရမ့်၏ မဲဆွယ်စည်းရုံးကာလက အကြီးမားဆုံး အလှူရှင်ဖြစ်ခဲ့ပြီး ဖက်ဒရယ် အလုပ်အကိုင်များနှင့် အသုံးစရိတ်များ လျှော့ချဖြတ်တောက်သည့် ထရမ့် အစိုးရအဖွဲ့၏ အားထုတ်ကြိုးပမ်းမှုများကို ကူညီပေးခဲ့သော အစိုးရအကျိုးဆောင်ဌာန (DOGE) ကို ဦးဆောင်ခဲ့ပြီးနောက် ထရန့်နှင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

မကြာသေးမီက ထရမ့်၏ များပြားသည့် ပြည်တွင်း အသုံးစရိတ်အစီအစဉ်ကို မာ့စ်က ဝေဖန်ခဲ့သည်။

ထိုအစီအစဉ်သည် အမေရိကန်ကို အကြွေးများဖြင့် ပေါက်ကွဲ ထွက်သွားစေနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် ထရန့်နှင့် လူမှုမီဒီယာများပေါ် အပြန်အလှန် ဝေဖန်ထိုးနှက်ခဲ့သည်။

အီလွန်မာ့စ်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

“ခင်ဗျားတို့ရဲ့ လွတ်လပ်ခွင့်ကို ခင်ဗျားတို့ကို ပြန်လည်အပ်နှင်းဖို့ ဒီနေ့မှာပဲ အမေရိကပါတီကို ဖွဲ့စည်းလိုက်ပါပြီ” ဟု မာ့စ်က ဇူလိုင် ၅ ရက်တွင် ၎င်း၏ X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ယခင်ကလည်း မာ့စ်က ထရမ့်၏ ဥပဒေမူကြမ်းကို ထောက်ခံသည့် လွှတ်တော်အမတ်များအား ရာထူးမှ ဖယ်ရှား ရန် နိုင်ငံရေးပါတီသစ်တစ်ခု ထူထောင်ပြီး ငွေကြေးများ သုံးစွဲသွားမည်ဟု ပြောကြားခဲ့ဖူးသည်။

ယခုသီတင်းပတ် အစောပိုင်းကလည်း ထရမ့်သည် မာ့စ်၏ ကုမ္ပဏီများကို ထောက်ပံ့ပေးနေသော ဖက်ဒရယ် အစိုးရ၏ ထောက်ပံ့မှုများအနက် ဘီလျံနှင့်ချီသည့် ဒေါ်လာများကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ရီပတ်ဘလစ်ကန်များကမူ ထရမ့်နှင့် မာ့စ်ကြား ဆက်လက်ပြီး ထိပ်တိုက်တွေ့နေမည်ဆိုပါက ၂၀၂၆ ခုနှစ် သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲများတွင် လူများစုနေရာအား ကာကွယ်သွားမည့် ၎င်းတို့၏ အခွင့်အရေး များကို ထိခိုက်နစ်နာစေမည်ကို စိုးရိမ်နေကြသည်။

ပါတီသစ် ထူထောင်ခဲ့သည့် မာ့စ်၏ ကြေညာချက်နှင့်ပတ်သက်ပြီး ထရမ့်နှင့် အိမ်ဖြူတော်တို့ကမူ ချက်ချင်း မှတ်ချက် ပေးခဲ့ခြင်းမရှိပေ။

Source: Nikkei Asia