CNI International News
ဝါရှင်တန်၊ ဧပြီ ၂၅
အီလွန်မာ့စ် (Elon Musk) သည် အစိုးရအကျိုးဆောင်ဌာန (DOGE) မှ နုတ်ထွက်သည်နှင့်တစ်ပြိုင်နက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ အစိုးရအဖွဲ့သည် DOGE ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်ကို လျှော့ချသွားဖွယ်ရှိသည်။
ထို့နောက် ဘတ်ဂျတ်များကို ပြန်လည်ထိန်းချုပ်ကာ ဝန်ထမ်းငှားရမ်းမှုအား တာဝန်ယူ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ထိုကိစ္စနှင့်နီးစပ်သည့် အစိုးရသတင်းအရင်းအမြစ်နှစ်ခုက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
DOGE ကို ထရမ့်၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ပထမဆုံး ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း တွင် သမ္မတအကြံပေးကော်မရှင်အဖြစ် တရားဝင်ဖွဲ့စည်းခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မာ့စ်ကို တွေ့ရစဉ်
ထိုအေဂျင်စီသည် ပြီးပြည့်စုံသော ဗဟိုအလုပ်အမှုဆောင်ဌာန မဟုတ်ဘဲ အစိုးရအသုံးစရိတ်များကို လျှော့ချရန် စိစစ်သည့် ယာယီအဖွဲ့အစည်းဖြစ်သည်။
မာ့စ် ဦးဆောင်နေသည့် ထိုဌာနသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ထောင်စုအသုံးစရိတ်ကို ဒေါ်လာ ၂ ထရီလီယံအထိ ဖြတ်တောက်ရန် ရည်မှန်းထားသည်။
DOGE သည် ဖက်ဒရယ်အစိုးရ၏ အသုံးစရိတ်စာရင်းကို စိစစ်နေခြင်းဖြစ်ပြီး အများစုမှာ မလိုအပ်သော ရာထူး နေရာများအတွက် ဝန်ထမ်းများ ခေါ်ယူမှုကို ရပ်တန့်ခြင်း၊ DEI ဖျက်သိမ်းခြင်းနှင့် နိုင်ငံခြားအဖွဲ့အစည်းများထံ မလျော်ကန်သော ငွေပေးချေမှုများကို ရပ်တန့်ခြင်းတို့ဖြစ်သည်။
ထိုလုပ်ငန်းစဉ် အများစုမှာ သမ္မတ၏ ညွှန်ကြားချက် မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြစ်သည်ဟု DOGE က ကြေညာထားပြီး အသေးစိတ် အချက်အလက်များကို မဖော်ပြဘဲ တစ်ရက်လျှင် ဒေါ်လာ ၁ ဘီလီယံခန့် ဖြတ်တောက်နိုင်သည်ဟုလည်း ဆိုသည်။
သို့သော် မာ့စ်က ၎င်း၏ကားကုမ္ပဏီ Tesla အပေါ် အာရုံစိုက်ရန်အတွက် DOGE တွင် အလုပ်တာဝန်များကို တစ်ပတ်လျှင် တစ်ရက် သို့မဟုတ် နှစ်ရက်အထိ လျှော့ချသွားရန် စီစဉ်နေသည်ဟု ဧပြီ ၂၂ ရက်က အတည်ပြု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မာ့စ်ကို တွေ့ရစဉ်
DOGE ၏ အကြီးအကဲ တစ်ဦးအဖြစ် မာ့စ်၏ လုပ်ပိုင်ခွင့်သည် မေလကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ထရမ့်၏ အစိုးရအဖွဲ့အတွင်း၌ မာ့စ်ကို ပေးထားသော လုပ်ပိုင်ခွင့်အာဏာ နှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်လျက်ရှိသည်။
မတ်လက ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က မာ့စ်နှင့် သဘောထားကွဲလွဲခဲ့ပြီး မာ့စ်သည် USAID ၏ လုပ်ငန်းစဉ်ကို ဆုတ်ယုတ်စေခဲ့ကြောင်း ရူဘီယိုက ဝေဖန်ခဲ့ သည်။
ထို့ပြင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ရှောင်ဒက်ဖီ (Sean Duffy) ကလည်း မာ့စ်သည် လေကြောင်းလိုင်းများ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်နေသည့်ကြားမှ လေကြောင်းလိုင်း ထိန်းချုပ်သူများကို အလုပ်ထုတ်ရန် တင်ပြလာမှုကို စောဒကတက်ခဲ့သည်။
Source: ရိုက်တာ