CNI International News
နယူးဒေလီ၊ ဧပြီ ၂၆
အိန္ဒိယနှင့်ပါကစ္စတန်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသရှိ ထိန်းချုပ်ရေး မျဉ်းတစ်လျှောက် တွင် ညအချိန်က နှစ်နိုင်ငံ စစ်သားများ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု တာဝန်ရှိသူများက ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ကက်ရှ်မီးယားဒေသတွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိပ်တိုက်တွေ့မှုများ မပြုလုပ်ရန် ကုလသမဂ္ဂက အိန္ဒိယနှင့် ပါကစ္စတန်တို့ကို တိုက်တွန်းခဲ့ပြီးနောက် ယခုကဲ့သို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံစလုံးသည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားကြသည်။
ဧပြီ ၂၂ ရက်က အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၂၆ ဦး သေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အိန္ဒိယက ပါကစ္စတန်ကို နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒအား ထောက်ပံ့နေ သည်ဟု စွပ်စွဲခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးအဆင့်သို့ ထိုးကျခဲ့သည်။
ကက်ရှ်မီးယားဒေသမှာ အိန္ဒိယက လုံခြုံရေးကင်းလှည့်နေစဉ်
နှစ်နိုင်ငံကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေးမျဉ်းတွင် အိန္ဒိယနှင့် ပါကစ္စတန်စစ်သားများ အပြန်အလှန် ပစ်ခတ်ခဲ့ ကြသည်ဟု ပါကစ္စတန်ဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသမှ အစိုးရတာဝန်ရှိသူ ဆေရတ်အက်ရှ်ဖတ်ဂီလာနီ (Syed Ashfaq Gilani)က ဧပြီ ၂၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“အရပ်သားတွေကို ပစ်ခတ်တာမျိုးတော့ မရှိပါဘူး”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဧပြီ ၂၃ ရက်က အိန္ဒိယသည် ပါကစ္စတန်နှင့် သံတမန်ဆက်ဆံရေးများကို လျှော့ချခဲ့ပြီး အဓိကနယ်စပ်ဖြတ်သန်း သည့် နေရာကို ပိတ်ထားခဲ့သည်။
ထို့ပြင် အိန္ဒိယသည် ဟိမဝန္တာမှ မြစ်ရေကို မျှဝေသုံးစွဲသည့် ၁၉၆၀ ပြည့်နှစ်ကတည်းက ပြုလုပ်ခဲ့သော စာချုပ်ကို ရပ်ဆိုင်းခဲ့သည်။
ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအဆစ်ဖ်(Khawaja Asif)က ကက်ရှ်မီးယား အရေးနှင့်ပတ်သက်ပြီး အိန္ဒိယနှင့် တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းသည် နျူကလီးယားပြိုင်ဘက် နှစ်နိုင်ငံကြား အပြည့်အဝ စစ်ပွဲတစ်ရပ် ဖြစ်လာနိုင်သည်ဟု သတိပေးခဲ့သည်။
၎င်း၏ စစ်တပ်ကိုလည်း မည်သည့် ဖြစ်ရပ်အတွက်မဆို ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းထားကြောင်း အဆစ်ဖ်က ဗြိတိန်၏ Sky News ကို ပြောပြခဲ့သည်။
အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားတွင် အာဏာပိုင်များက သံသယရှိသည့် စစ်သွေးကြွနှစ်ဦး၏ နေအိမ်များကို ဖျက်ဆီးခဲ့သည်။
Source: DW