CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁၄

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မာ့စ် (Elon Musk) ကို အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ စွမ်းဆောင်မှုကောင်းမွန်စေရေးဌာနတွင် အကြီးအကဲအဖြစ် ခန့်အပ်ကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

မာ့စ်နှင့် ရီပတ်ဘလစ်ကန် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဟောင်း ဗီဗက် ရာမာဆွာမိ (Vivek Ramaswamy) တို့သည် ထိုဌာနကို ပူးတွဲကြီးကြပ်ရမည်ဖြစ်သည်။

အဆိုပါဌာနသည် အစိုးရအဖွဲ့ လက်အောက်တွင် ရှိမည်မဟုတ်ဘဲ အစိုးရပြင်ပတွင် လည်ပတ်သွားလိမ့်မည် ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

မာ့စ်နှင့် ရာမာဆွာမိတို့သည် အစိုးရ၏ ဗျူရိုကရေစီစနစ်ကို ဖျက်သိမ်းရန်၊ မလိုအပ်သည့် စည်းမျဉ်းစည်းကမ်း များကို ပယ်ဖျက်ရန်၊ အသုံးမဝင်သည့် ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် ဖက်ဒရယ် အေဂျင်စီများကို ပြန်လည် ဖွဲ့စည်း တည်ဆောက်မည့် မိမိ၏ အစိုးရအဖွဲ့အတွက် လမ်းခင်းပေးလိမ့်ဖြစ်ကြောင်း ထရမ့်က ထုတ်ပြန်ခဲ့သည်။

ထိုဌာနအသစ်သည် ရီပတ်ဘလစ်ကန်တို့ ကာလကြာရှည် မျှော်လင့်ခဲ့သည့် မျှော်လင့်ချက်များကို အကောင် အထည် ပေါ်စေမည်ဖြစ်ပြီး အစိုးရအဖွဲ့ပြင်ပတွင် အကြံပေးခြင်း၊ လမ်းညွှန်ခြင်းများကို ပြုလုပ်လိမ့်မည်ဖြစ် ကြောင်း ထရမ့်က ပြောသည်။

ဒေါ်နယ်ထရမ့်နဲ့ အီလွန်မာ့စ်ကို တွေ့ရစဉ်

ထို့ကြောင့် မာ့စ်နှင့် ရာမာဆွာမိတို့၏ ရာထူးများသည် တရားဝင်အစိုးရ ရာထူးများ မဟုတ်သဖြင့် လွှတ်တော်၏ ထောက်ခံမှုလည်း လိုအပ်မည်မဟုတ်ပေ။

မာ့စ် အနေနှင့်လည်း အစိုးရ ရာထူးနေရာကို ရယူခြင်း မဟုတ်သဖြင့် Tesla ကားကုမ္ပဏီ၊ X လူမှုမီဒီယာနှင့်  SpaceX အာကာသကုမ္ပဏီများတွင်လည်း အကြီးအကဲအဖြစ် ဆက်လက် တာဝန်ယူနိုင်မည်ဖြစ်သည်။

ထိုဌာနအသစ်သည် အိမ်ဖြူတော်၊ စီမံခန့်ခွဲရေးနှင့် အသုံးစရိတ်ရုံးတို့နှင့်လည်း လက်တွဲ လုပ်ဆောင်သွားမည်ဖြစ် ပြီး ယခင်က မမြင်တွေ့ဖူးသည့် ပြုပြင်ပြောင်းလဲမှုများ အစိုးရအဖွဲ့အတွက် ဆန်းသစ်တီထွင်သော ချဉ်းကပ် ဆောင်ရွက်ပုံများအတွက် မောင်းနှင်အားတစ်ခု ဖြစ်လာလိမ့်မည်ဟု ထရမ့်က ပြောသည်။

ထိုလုပ်ငန်းစဉ်များကို အမေရိကန်၏ နှစ်ပေါင်း ၂၅၀ ပြည့် လွှတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက် တွင် အပြီးသတ် လုပ်ဆောင်လိမ့်မည်ဟု ၎င်းက ဆိုသည်။

Forbes မဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မာ့စ်သည် ထရမ့်၏ မဲဆွယ်စည်းရုံးပွဲအတွင်း ဒေါ်လာ သန်းချီ ထောက်ပံ့ပေးခဲ့ကာ လူကိုယ်တိုင်လည်း မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

Source: ရိုက်တာ